ကိုဗစ်-၁၉ လူနာအသစ်များတွင် အနံ့မရရှိသူ ၃၂၈ ဦးပါဝင်
DVB
·
October 12, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်တွေထဲမှာ အနံ့မရရှိသူ ၃၂၈ ဦးပါဝင်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၉၁၀ ယောက်ထဲမှာ ၄ ဦးက ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးတွေ့ရှိခဲ့တာဖြစ်လို့ အောက်တိုဘာ ၁၁ ရက်ည အတည်ပြုလူနာ အရေအတွက်ဟာ ၁၉၀၆ ဦးသာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
အဆိုပါအတည်ပြုလူနာ ၁,၉၀၆ ယောက်ထဲမှာ အနံ့မရရှိသူ ၃၂၈ ယောက်ပါဝင်နေတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းက ၁,၄၄၅ ယောက်နဲ့ အများဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ဗဟန်းမြို့နယ်မှာ ၁၂၆ ယောက် ၊ လှိုင်သာယာမြို့နယ်မှာ ၁၀၅ ယောက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၀၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၁ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်းမြို့နယ် ၉ ခုမှာ ၅၁ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၇ ခုမှာ ၄၂ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၂ ခုမှာ ၁၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၇ ခုမှာ ၂၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၈ ခုမှာ ၃၃ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၀ ခုမှာ ၂၃၈ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၆ ခုမှာ ၃၅ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၂၁ ယောက်၊ နေပြည်တော်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ် ၂ ခုမှာ ၂ ယောက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့နယ် ၁ ခုမှာ ၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၉၇၄ ယောက်၊ သေဆုံးသူ ၆၄၆ ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၉၇၄၂ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၈ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ ဒသမ ၃ သန်း ကျော် ရှိ နေပြီ ဖြစ်ပါတယ်။