ပွင့်ဖြူတွင် နေအိမ်မီးလောင်မှုကြောင့် အသက် ၇၀ ကျော် အမျိုးသား ၁ ဦး သေဆုံး
DVB
·
October 11, 2020
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု စံပြကျေးရွာမှာ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းက နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့တာကြောင့် အသက် ၇၂ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တေယ်လို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနက သိရပါတယ်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာနေ ဦးလှမောင် (၇၂) နှစ်ဟာ အောက်တိုဘာ ၁၀ ရက် မနက် ၅ နာရီလောက်က မီးဖိုချောင်အတွင်း မီးမွှေးရာက အနီးရှိ ထရံအကာကို မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က “မီးဖိုချောင်မှာ မီးမွှေးတယ်၊ မီးမွှေးတဲ့သူက စိတ်ရောဂါသည်ဆိုတော့ ထင်ရာမြင်ရာလုပ်မှာပေါ့ဗျာ။ မီးကများသွားပြီး သူက ပြန်မထွက်နိုင်ဘူးလေ၊ သူကတော့ မီးလောင်ပြီး မီးလောင်ဒဏ်ရာတွေနဲ့ အဲဒီမီးလောင်ရာနေရာမှာပဲ သေဆုံးသွားတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်တစ်လုံး မီးလောင်ခံရပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်ငါးသောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့မရဲစခန်းမှာ ပုဒ်မ-၂၈၅/၃၀၄-က နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မကွေးတိုင်းမီးသတ်တပ်ဖွဲ့