ခင်ပိုးပန်းချီ သီဆိုသည့် တခေတ်တခါက ကျော်ကြားတေး-“ရွှေမန်းဆီသို့”(ရုပ်သံ)
DVB
·
October 11, 2020
“ရွှေမန်းဆီသို့ တခါတခေါက်ဖြင့် ရောက်စေချင်သည်… ကျုံးတော်ပတ်လည် မြမြို့ ရိုး… ပြအိုးပစ္စင်... ကာရံကာအတည်… မြန်မာစံဌာနီ… သာယာပါပေ့သည်… ရေရိပ်ရေအောက်ဆီ… နေခြည်ဟပ်ကာ အလွန်ပနံရလှသည်”
ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ရွှေမန်းဆီသို့” သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းကိုတော့ မန္တလေး ဦးဘသိန်းက ရေးစပ်ပေးထားခဲ့ပြီး တေးသံရှင် မစိမ်းစိမ်းရဲ့ သီဆိုမှုနဲ့ ထင်ရှားကျော်ကြားတဲ့ သီချင်းတပုဒ်ဖြစ်သလို “ဤလူ့ဘောင်တွင်” ရုပ်ရှင်အသံဇာတ်လမ်းထဲမှာ သရုပ်ဆောင်မင်းသမီး မြင့်မြင့်ခင်ရဲ့ သီဆိုမှုနဲ့လည်း လူသိများတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
ခုတခါမှာတော့ ဒီသီချင်းကို မျိုးဆက်သစ် အဆိုတော် ခင်ပိုးပန်းချီက ဆန်းသစ်သီဆိုထားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ရွှေအက်ဖ်အမ်ရဲ့ ၁၁ နှစ်ပြည့် ဂီတဖျော်ဖြေပွဲမှာ လင်္ကာဒီပ သံစုံတေးဂီတအဖွဲ့ရဲ့ တီးခတ်ပေးမှုနဲ့အတူ တခြားအနုပညာရှင်တွေနဲ့ ပါဝင်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
ခင်ပိုးပန်းချီကိုတော့ ပရိသတ်တွေက တရားတောင်းသီချင်းနဲ့ သတိပြုမိခဲကြမှာဖြစ်ပြီး သူဟာ ဆို၊ က၊ ရေး၊ တီး သီချင်းဆိုပြိုင်ပွဲတွေမှာလည်း ဆုရရှိခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ တရားတောင်း သီချင်းအပါအဝင် မြန်မာသံစဉ်သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားထင်ရှားလာပြီး နာမည်ကြီးရုံတင်ရုပ်ရှင်ကားတကား ဖြစ်တဲ့ “လိပ်ပြာစံအိမ်”ထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ Until We Meet Again သီချင်းကတော့ သူသီဆိုတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ဝင်တေးတပုဒ် ဖြစ်ခဲ့ပါတယ်။
“ဟိုမှသည် အရောက်သွားလို့… မန္တလေးတောင်တော်ဆီ တထောက်နားမည်… မြင်ကွင်းကျယ်ကျယ် ပတ်ဝန်းကျင်ဝယ်… မှန်းလို့ ရှုရမည်… ဟိုမှသည် အရောက်သွား လို့… မန္တလေးတောင်တေ်ာဆီ တထောက်နားမည်… မြင်ကွင်းကျယ်ကျယ် ပတ်ဝန်း ကျင်ဝယ်… မှန်းလို့ ရှုရမည်… မှုန်ရီမှေး… ဟိုအဝေးကစေတီ… သခင်မတောင်တော် မဟီ…ရှင့်… အနောက်မြောက်ယွန်းတော့… မင်းကွန်း ထိုစေတီ… ဖူးတွေ့ရမည်… ဧရာ ဝတီမြစ်ကြောင်း ဆက်ကာ… အနောက်ဘက်မှာ ရှုကြည့်ပါ… ပုထိုးစေတီထူး… ဦးချီ… စစ်ကိုင်း… မင်းဝံဆီ… စစ်ကိုင်းတောင်တော်အနားဆီ… ဇေယျာရွှေပြည် ညို့မှိုင်း လျက်တည်… သည်မှာ ဘက်ကမ်း ကြက်ညီနောင်စံမြန်းတဲ့စေတီ… မြူခြေတွေထဲ မသဲမ ကွဲ… ဖူးတွေ့နိုင်သည်”
ဒီသီချင်းထဲမှာတော့ မန္တလေးနန်းတော်ရဲ့ သာယာလှပပုံ၊ ရန်ကင်းတောင်၊ အောင် ပင်လယ်ကန်အကြောင်း၊ အဲဒီကတဆင့် မန္တလေးတောင်ပေါ်ကနေ ပတ်ဝန်းကျင်ကို ရှုကြည့်ရာမှာ သခင်မတောင်တော်၊ မင်းကွန်းပုထိုးတော်ကြီး၊ ဧရာဝတီမြစ်ကြောင်းကတ ဆင့် စစ်ကိုင်းတောင်၊ မင်းဝံတောင်တွေနဲ့ ဇေယျာရွှေမြေခေါ်စစ်ကိုင်း၊ ဒီဘက်ကမ်းဆီ ပြန်ကြည့်ရင်လည်း အမရပူရရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျစေတီတွေ၊ နောက်တဖန် မြို့တွင်းမှ မဟာမုနိဘုရားတို့အကြောင်းကို ရေးဖွဲ့ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာဆန်တဲ့ သီဆိုဟန်နဲ့ ခင်ပိုးပန်းချီရဲ့ အနုပညာ ပေါင်းစပ်မှုဟာ လိုက်ဖက်ညီနေခဲ့တာကို ပရိသတ်တွေက “ရွှေမန်းဆီသို့”သီချင်းထဲမှာ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။