Homeမြန်မာသတင်း
အခြားမြို့နယ်များသို့ မဲဆွယ်စည်းရုံးသွားမည့် ပုသိမ်မြို့နေ ကိုယ်စားလှယ်လောင်းများကို ကိုဗစ်ရှိ မရှိ စစ်ဆေး
အခြားမြို့နယ်များသို့ မဲဆွယ်စည်းရုံးသွားမည့် ပုသိမ်မြို့နေ ကိုယ်စားလှယ်လောင်းများကို ကိုဗစ်ရှိ မရှိ စစ်ဆေး
DVB
·
October 10, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာနေထိုင်ပြီး တခြားမြို့နယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကိုဗစ်-၁၉ ရောဂါရှိမရှိ ပုသိမ်ဆေးရုံကြီးမှာ စက်တင်ဘာ ၉ ရက်နေ့က စတင်စစ်ဆေးပေးနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
အခြားမြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေးသွားမယ့် ကိုယ်စားလှယ်လောင်းတွေ၊ ကိုယ်ရေးအရာရှိတွေနဲ့ ကားဒရိုင်ဘာတွေကို စက်တင်ဘာ ၉ ရက်နေ့ကစတင်ပြီး စစ်ဆေးပေးတာပါ။
ဒေါက်တာသန်းမင်းထွဋ်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပုသိမ်ခရိုင်ကနေ ကျနော်တို့ကို ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးပေးဖို့အတွက် ညှိနှိုင်းပါတယ်။ တိုင်းကုသရေးနှင့်ပြည်သူကျန်းမာဦးစီးဌာနကလည်း စာထွက်ပြီး ညွန်ကြားပါတယ်” လို့ ပြောပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက “ဒီနေ့ သူတို့ ညွန်ကြားချက်နဲ့အညီ ပုသိမ်မြို့ ကုတင် ၅၀၀ ဆေးရုံမှာ ဆေးစစ်မှုခံယူခဲ့ရပါတယ်” လို့ ပြောပါတယ်။
ပုသိမ်ဆေးရုံကြီးမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၀ ယောက်နဲ့ ဒရိုင်ဘာတွေကို ဒီနေ့ စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ Stay at home ကြေညာထားတဲ့ ပုသိမ်၊ မအူပင်နဲ့ ဖျာပုံမြို့တွေကနေ အခြားမြို့တွေကို လာရောက်သူတွေ Quarantine ၁၄ ရက် ဝင်ရမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။