PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရ
DVB
·
October 10, 2020
မန္တလေးတိုင်း သာစည်မြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
သာစည်မြို့နယ် ဟံဇားရွာနေ ဦးအောင်ဇင်လင်းထိုက်ဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံသားအထောက်အထား မပြနိုင်တာကြောင့် အောက်တိုဘာ ၂ ရက်နေ့ နေ့စွဲနဲ့ သာစည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းထဲက ပယ်ဖျက်ခံခဲ့ရတာလို့ သိရပါတယ်။
ခရိုင်ရွေးကောက်ပွဲကော်မရှင်လက်ထောက်ညွှန်မှူး ဦးမျိုးမင်းထိုက်က “ဦးအောင်ဇင်လင်းထိုက်ကို စိစစ်တဲ့အခါ သူ့အဖေဟာ နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်တာပေါ့ဗျာ။ သူ့နိုင်ငံသားစိစစ်ရေးကတ်မှာ အဖေ တရုတ်၊ အမေ ဗမာ သူက တရုတ်-ဗမာ ဆိုပြီး ပါတယ်။ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅ အရ မွေးဖွားစဉ်မှာ မိဘနှစ်ပါးလုံး နိုင်ငံသားဖြစ်မှ ရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ သာမန် မဲဆန္ဒရှင်နဲ့ မတူပါဘူး။” လို့ ပြောပါတယ်။
အမည်စာရင်းပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်လင်းထိုက်က “လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းက ပယ်ဖျက်ခံရတာ ဟုတ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာ တင်ပြထားတယ်။ နစ်နာမှူတွေကို နားလည်ပြီး ကိုယ်စားလှယ်လောင်အဖြစ် ပြန်လည်လက်ခံပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌ (၁) ဦးမင်းနိုင်က “ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ အပင်ပန်းခံလုပ်ထားတယ်။ အခုရောက်တော့ အမည်စာရင်းက ပယ်ဖျက်တယ်တဲ့ နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒီနစ်နာမှုတွေကို နားလည်ပေးစေချင်တယ်” လို့ ပြောပါတယ်။
မိဘ ၂ ဦးအနက် ၁ ဦးဟာ နိုင်ငံသားမဖြစ်ခဲ့ရင် ကိုယ်စားလှယ်လောင်းအဖြစ် ရွေချယ်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ (၁၀)ပုဒ်ခွဲ(င)အရ ငြိစွန်းနေလို့ ဦးအောင်ဇင်လင်းထိုက်ကို ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းက ပယ်ဖျက်လိုက်တယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က စာထုတ်ပြန်ထားပါတယ်။
သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-ဦးမင်းနိုင် (တိုင်းဒုဥက္ကဋ္ဌ-၁)