ပခုက္ကူ-ပေါက် လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂ ရက်အတွင်း လူ ၄ ဦး သေဆုံး
DVB
·
October 10, 2020
ကိုဗစ်ကာလမှာ အသွားအလာ နည်းစေဖို့ ကန့်သတ်ထားပေမယ့် ပခုက္ကူ-ပေါက် လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ ညနေပိုင်းယာဉ်တိုက်မှု ဖြစ်စဉ် ၂ ခုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ ညနေ ၅ နာရီက ပေါက်မြို့နဲ့ ပခုက္ကူမြို့ကို စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ သုခလျှံ ကုန်ကားက ပေါက်မြို့က အပြန် တပ်မတောင်အဆင်းမှာ ချောက်ထဲပြုတ်ကျခဲ့ပြီး ကားနောက်မှာပါလာတဲ့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကားမောင်းသူကတော့ ပခုက္ကူဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တာကြောင့် မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ရမယ်လို့ သိရပါတယ်။
ချောက်ထဲကျတဲ့ ကားကိုစစ်ဆေးကြည့်ရာမှာတော့ ဘရိတ်ပေါက်တာကြောင့် ပြုတ်ကျတာလို့ လူမှုရေးအသင်းတွေက ခန့်မှန်းကြပါတယ်။
၆ ရက်နေ့ ည ၇နာရီခွဲအချိန်လောက် ဖြစ်စဉ်ကတော့ ပေါက်မြို့နဲ့ ပခုက္ကူ လမ်းပိုင်းမှာပဲ လူ ၂ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကား မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်စီးလာသူ နှစ်ဦး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တာလို့ ပခုက္ကူမြို့က ကယ်ရီမောင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောပါတယ်။
ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာ ပါရှိမှသာ တမြို့နဲ့ တမြို့သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ဟာ မိုင် ၅၀ ကျော်အထိ ကွာဝေးပါတယ်။
သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - သတိုးအောင်