Home
နိုင်ငံတကာ
ထိုင်းသင်္ကြန်ပွဲတော် ၅ ရက်အတွင်း လူ  ၂၀၀ ကျော်သေဆုံး
DVB
·
April 17, 2024
SongKranRoad_17042024

ထိုင်းဆုန်ကရန် သင်္ကြန်ပွဲတော် ပထမ ၅ ရက်တာ ကာလအတွင်း နိုင်ငံတဝန်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း ၂၀၆ ဦး သေဆုံးပြီး ၁,၅၉၃ ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကနေ ၁၅ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၁,၅၆၄ မှု ဖြစ်ပွားခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အလားတူငါးရက်တာကာလမှာ ဖြစ်ပွားခဲ့တဲ့ ၁,၇၄၅ မှုထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်သေဆုံးတဲ့ ဦးရေမှာတော့ အရင်နှစ်ကထက် အယောက် ၂၀၀ လောက် တိုးလာခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူဦးရေကတော့ ပြီးခဲ့တဲ့နှစ်က ၁၇၃၇ ယောက်ကနေ ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုလ်နန် ဆီရိကယောက်ကတော့ ထိုင်းဆုန်ကရန် သင်္ကြန်ပွဲတော်ကာလ နိုင်ငံတဝန်းပြည်နယ် ၇၇ ခုထဲက ၁၇ ခုမှာ ယာဉ်မတော်တဆမှု ကင်း စင်ခဲ့တယ်လို့ ပြောပါတယ်။

မြောက်ဘက်စွန်း ချင်းရိုင်ခရိုင်မှာတော့ ယာဉ်မတော်တဆမှု ၆၁ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ကာ လာအိုနိုင်ငံနဲ့ နယ်စပ်နန်ဒေသမှာတော့ အယောက် ၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူ အများဆုံး ဖြစ်ခဲ့တာပါ။ သေဆုံးမှု အများဆုံး ဒေသတွေကတော့ ဘန်ကောက်နဲ့ ချင်းရိုင်တို့ ဖြစ်ကြပြီး ၁၃ ယောက်စီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးက ဧပြီ ၁၅ တရက်တည်းမှာတင် ယာဉ်မတော်တဆမှု ၃၀၁ မှု ဖြစ်ပွားခဲ့ပြီး ၃၉ ယောက် သေဆုံးကာ ၃၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှုတွေထဲမှာ အရှိန်မြှင့်မောင်းနှင်တာကြောင့် ဖြစ်ပွားမှု ၄၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာ အရက်သေစာသောက်စားမောင်းနှင်တာကြောင့် ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှု ၂၃ ဒသမ ၉ ရာခိုင်နှုန်း၊ ဖြတ်တောက် မောင်းနှင်မှုကြောင့် ဖြစ်ရတဲ့ မတော်တဆမှု ၁၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့ မော်တော်ဆိုင် ကယ်ယာဉ်မတော်တဆမှုက ၈၃ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။

သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာန ညွှန်ကြားရေးမှူးချုပ် ချိုင်ဝပ် ချွန်တီရာပေါင်က ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ ဘန်ကောက်ဆီ ဦးတည်တဲ့ လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ထူထပ်နေပြီး ယာဉ်မောင်းတွေအနေနဲ့ (ဘေးကင်းလုံခြုံစွာ) မောင်းနှင်ဖို့ သင့်တော်တယ်ဆိုမှ အာမခံမောင်းနှင်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကနေ ၁၅ ရက်အထိ ထိုင်းဆုန်ကရန် သင်္ကြန်ပွဲတော် ၅ ရက်တာ ကာလအတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှု ၄,၁၃၂ မှု ရှိခဲ့ပြီး အဲဒီထဲက ၉၆ ရာ ခိုင်နှုန်းကတော့ အရက်သေစာသောက်စားမောင်းနှင်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာတော့ ဘန်ကောက်က အရက်သေစာသောက်စားမောင်းနှင်မှု ၄၄၆ မှုနဲ့ အမြင့် ဆုံးဖြစ်ပြီး သူ့နောက်မှာ နွန်ထဘူရီဒေသက ၂၃၈ မှု၊ ဆမွတ်ပရာကန်ဒေသက ၂၁၄ မှုစီနဲ့ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ ထိုင်းနိုင်ငံရဲ့ လမ်းတွေဟာ အရှေ့တောင်အာရှဒေသတွေထဲမှာ လူအသေအပျောက်အများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုးခုမြောက် လမ်းတွေပေါ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ကာ နှစ်စဉ် လူ ၁ သိန်းမှာ ၃၂ ဒသမ ၇ ဦး သေဆုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်စဉ် နိုင်ငံတဝန်း ယာဉ်မတော်တဆမှုကြောင့် လူ ၂ သောင်းလောက် သေဆုံးနေရပြီး ဒါဟာ တရက်ကို ၅၆ ဦး သေဆုံးတဲ့နှုန်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

Source: Bangkokpost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013