ကိုဗစ်-၁၉ လူနာအသစ် ၁,၀၁၂ ဦးတွင် ရန်ကုန်တိုင်းက ၈၁၄ ဦးပါဝင်
DVB
·
October 9, 2020
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၀၁၂ ယောက်ထဲမှာ ၈၁၄ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက လှိုင်မြို့နယ်မှာ အယောက် ၈၀ ၊ စမ်းချောင်းမြို့နယ်မှာ ၆၉ ယောက်၊ မြောက်ဉက္ကလာပမြို့နယ်မှာ ၆၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၀ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၅ ခုမှာ ၈၆ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၄ ခုမှာ ၂၂ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၇ ခုမှာ ၂၁ ယောက်၊ နေပြည်တော်မြို့နယ် ၆ ခုမှာ ၁၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၅ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၁ ခုမှာ ၁ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အတည်ပြုလူနာတွေထဲမှာ အနံ့မရရှိသူ ၂၂၇ ယောက်ပါဝင်ပြီး ဒေါပုံမြို့နယ်က ၁ ယောက်နဲ့ မိတ္ထီလာမြို့နယ်က ၁ ယောက်တို့ဟာ ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၈ ရက်နေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ အတည်ပြုလူနာစုစုပေါင်း ၂၂,၄၄၅ ယောက်၊ သေဆုံးသူ ၅၃၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆,၃၆၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။