ကျောက်မဲမြို့နယ်တွင် စစ်ဘေးဒုက္ခသည် ၆၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်
DVB
·
October 9, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ပုံဝိုးတိုက်နယ် တောင်ထိပ်ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်အတွက် စားနပ်ရိက္ခာသုံးရက်စာသာ ကျန်ရှိတယ်လို့ ကျောက်မဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကူးက “ပုံဝိုးတိုက်နယ်က စစ်ရှောင်ပြည်သူ ၆၄၆ ယောက်ဟာ တောင်ထိပ်ရွာဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတာ ၅ ရက်လောက်ကြာနေပြီး တပ်မတော်စစ်ကြောင်းက ခွင့်မပြုတာကြောင့် ကူညီထောက်ပံ့မယ့် အလှူရှင်တွေက မလာရောက်နိုင်ဘဲ ဒီနေ့မှသာ စားနပ်ရိက္ခာတွေ အရောက်ပို့ပေး နိုင်ခဲ့ပါတယ်။ မနက်ဖြန်သာ ရောက်သွားရင်စားစရာတောင် မရှိတော့ဘူး”လို့ ပြောပါတယ်။
လတ်တလောသယ်ယူထားတဲ့ ဆန် ၁၂ ပိုင်းနဲ့ တခြားအဖွဲ့တွေလှူထားတဲ့ ရိက္ခာတွေနဲ့ပါဆိုရင် စစ်ဘေးရှောင်တွေအတွက် ၃ ရက်စာလောက် ဖူလုံနိုင်ပြီး လူများတဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ထပ်မံ လိုအပ်နေတယ်လို့လည်း လွှတ်တော်အမတ်က ဆက်ပြောပါတယ်။
နယ်စည်းမခြားပရဟိတအဖွဲ့က ကိုမျိုးကတော့ “ကျနော်တို့ အောက်တိုဘာ ၄ ရက်နေ့က ရောက်ခဲ့တယ်။ ဆန် ၁၄ ပိုင်းပဲပါသွားခဲ့တာ။ ခုလောက်ရှိ ကုန်ပြီပေါ့။ အဲ့ နေရာကဝင်ရခက်တယ်ဗျ” လို့ ပြောပါတယ်။
တောင်ထိပ်ရွာဟာ ပုံဝိုးရွာ နဲ့ ၁၅ မိုင်ခန့်ဝေးပြီး၊ နာရီဝက်ခန့်သွားရတဲ့ ကျေးရွာဖြစ်ပါတယ်။ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့အကြား တိုက်ပွဲတွေ တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀၀၀ ကျော်ရှိနေပါပြီ။
သတင်း- နန်းစပယ်၊ ဓာတ်ပုံ - စိုင်းကူး၊နမ့်ခုံးရှမ်းများပရဟိတအသင်း