လောင်းလုံးမြို့နယ် ကွာရန်တင်းစခန်းမှထွက်ပြေးသူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
October 9, 2020
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ကွာရန်တင်းစခန်းက ထွက်ပြေးသွားသူ တစ်ဦးကို လောင်းလုံးမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူဟာ အင်းဇောက်ကျေးရွာအုပ်စု ကုန်းဇရပ်ရွာသားဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်လာပြီး စက်တင်ဘာ ၇ ရက်နေ့က မိုးကုတ်ရိပ်သာမှာ ကွာရန်တင်းဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့က ကွာရန်တင်းစင်တာမှ ထွက်ပြေးသွားပြီးနောက် စက်တင်ဘာ ၂၅ ရက်နေ့က ပန်းတလဲကျေးရွာမှာ ပြန်လည်ဖမ်းဆီးမိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။
သူ့ကို လောင်းလုံးမြို့မရဲစခန်းက ထိန်းသိမ်းထားပြီး အောက်တိုဘာ ၈ ရက်နေ့က သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လ ချမှတ်ခဲ့တာပါ။
လောင်းလုံးမြို့မှာ ညမထွက်ရအမိန့် မလိုက်နာသူတစ်ဦးကိုလည်း ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ဖူးပါတယ်။
သတင်း- ကောင်းထက်အောင်