ကိုဗစ်ကာလ ဂမုန်းပွင့်ကုန်တိုက်များ သီတင်း ၂ ပတ်ကြာ ယာယီပိတ်မည်
DVB
·
October 7, 2020
လတ်တလော တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ရန်ကုန်မြို့က ဂမုန်းပွင့်ကုန်တိုက် ၅ ခုစလုံးကို သီတင်း ၂ ပတ်ကြာ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဂမုန်းပွင့်ကုန်တိုက်ရဲ့ တရားဝင်ဖေ့စ်ဘွတ်မှာ အောက်တိုဘာလ ၆ ရက်က အသိပေးထားခဲ့တာဖြစ်ပြီး အဲဒီကြေညာချက်ထဲမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက် နေ့မှာ ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်အမှတ် (၁၁၃/၂၀၂၀) အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုအန္တရာယ်ကို ပူးပေါင်းကာကွယ်တဲ့အနေနဲ့ ခုလိုပိတ်ထားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဂမုန်းပွင့်ကုန်တိုက်တွေကိုတော့ ရန်ကုန်မြို့မှာ မြေနီကုန်း၊ ဘိုကလေးဈေး၊ သိမ်ကြီးဈေး၊ ကမ္ဘာအေး၊ စံရိပ်ငြိမ် စတဲ့နေရာတွေမှာ ဖွင့်လှစ်ထားပြီး လာမယ့် အောက်တိုဘာ ၈ ရက်မှ ၂၁ ရက် အထိ ယာယီပိတ်ထားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၀,၀၃၃ ယောက်၊ သေဆုံးသူ ၄၇၁ ယောက်ရှိနေပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။