မန္တလေးတိုင်းအထွက်နှင့် ရှမ်းပြည်နယ်အဝင်တွင် ကားများပိတ်မိနေ
DVB
·
October 6, 2020
မန္တလေးတိုင်းအထွက်နဲ့ ရှမ်းပြည်နယ်အဝင်ဂိတ်မှာ ကိုဗစ်-၁၉ ဆေးစစ်ကိရိယာ Test Kit ကုန်သွားတဲ့အတွက် ဆေးစစ်ပေးမှု ခေတ္တ ရပ်ထားတာကြောင့် ကားတွေပိတ်မိပြီး ယာဉ်မောင်းတွေ အခက်အခဲ တွေ့နေကြပါတယ်။
Test Kit တွေ ကုန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးရတဲ့ ဂိတ်တွေ များတာကြောင့် Test Kit ကုန်သွားလို့ ထပ်တောင်းထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှတဆင့် ပြည်သူတွေကို အသိပေးထားပါတယ်။
အလားတူ ထုံးဘို၊ မူဆယ် စတဲ့နေရာတွေမှာလည်း Test Kit ကုန်သွားတာကြောင့် ဆေးစစ်ပေးမှုရပ်ဆိုင်းထားလို့ အတက်ရော အဆင်းပါ ကားတွေ ပိတ်မိနေပြီး အတက်ကားတွေ ပိုများကာ လက်ရှိ ဝက်ဝံ၊ ခြေမြစ်ပင်မှာ ကားအစီး ၅၀၀ ဝန်းကျင် ပိတ်မိနေတယ်လို့ ကုန်တင် ယာဉ်မောင်းသမား ကိုလပြည့်က ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်မောင်း တစ်ဦးဖြစ်တဲ့ ကိုဟေလျှံဝင်းကတော့ “ ယာဉ်မောင်းတွေနဲ့ နောက်လိုက်တွေကို ဆေးစစ်ဖို့ စာရင်းပေးရာမှာ အဆင်းဂိတ်မှာ စာရင်းပေးတော့ အတက်ဂိတ်ကိုပြန်လွှတ်၊ အတက်ဂိတ်ကို စာရင်းသွားပေးတော့ အဆင်းဂိတ်ကို ပြန်လွှတ်ဖြစ်နေတာကြောင့် တချို့ ယာဉ်မောင်းတွေက ယာဉ်ရပ်နားတန်းစီထားရပြီး လမ်းလျှောက် ရတာကြောင့် အခက်အခဲဖြစ်နေတယ်” လို့ ပြောပါတယ်။
သက်ဆိုင်ရာက တိတိကျကျ သတ်မှတ်ပေး စေလိုပြီး စားသောက်ဆိုင်တွေ ပိတ်ထားတာနဲ့ ကျူးကျော်ဆိုင်တွေမှာ စားသောက်တာ မပြုဖို့ တားမြစ်ထားတာကြောင့် အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ကားမောင်းသမားတွေက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း အဝင်အထွက် ကုန်တင်ယာဉ်တွေဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အတွက် ကုန်စည်စီးဆင်းဖို့ သယ်ယူပို့ဆောင်ရာ အဓိက နေရာက ပါဝင်နေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ဆေးစစ်ရတာနဲ့၊ ယာဉ်မောင်းတွေ အစားထိုး လဲလှယ် မောင်းနေရ တာတွေကြောင့် လမ်းခရီး ကြန့်ကြာ ပိတ်မိတာတွေ ဖြစ်ပေါ်နေပါတယ်။
သတင်း- Pra Jaw ၊ ဓာတ်ပုံ - ကိုလပြည့်နှင့် ကုန်တင်ယာဉ်မောင်းများ