အနံ့ပျောက် ကိုဗစ်သံသယရှိသူများကိုထားရန် မြို့နယ်အချို့၌ သီးသန့်စင်တာများ ဖွင့်လှစ်
ဆုဆုသွယ်
·
October 3, 2020
အနံ့ပျောက်ပြီးတော့ ကိုဗစ်-၁၉ သံသယရှိတဲ့ သူတွေကို ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ သီးသန့်စင်တာတွေ ဖွင့်လှစ်ပြီး ထားရှိနေပြီလို့ သိရပါတယ်။
အနံ့ပျောက်တဲ့ လက္ခဏာ ရှိနေတဲ့ ကိုဗစ်-၁၉ သံသယ လူနာတွေအတွက် မြို့နယ်တွေအလိုက် အနံ့ပျောက်သူတွေ သီးသန့်ထားရှိမယ့် စင်တာတွေ ဖွင့်လှစ်ပြီး လက်ခံပေးနေပါတယ်။
Fever Clinic ကို လာရောက်ပြသတဲ့သူတွေထဲမှာ အနံ့ပျောက်တဲ့သူတွေ များလာသလို သူတို့အနေနဲ့လည်း နေအိမ်တွေမှာ နေထိုင်ဖို့ အဆင်မပြေတာကြောင့် မြို့နယ်တွေမှာ သီးသန့်စင်တာတွေ ဖွင့်လှစ်ပြီး ထားရှိတာလို့ ရန်ကုန်တိုင်း လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက DVB ကို ပြောပါတယ်။
အနံ့ပျောက်တဲ့ ကိုဗစ်-၁၉ သံသယ လူနာတွေကိုတော့ စင်တာတွေကိုရောက်မှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် စစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်ပါတယ်။
သံယယလူနာတွေကို ထားရှိတာဖြစ်တဲ့အတွက် အဲဒီစင်တာတွေမှာ ဆရာဝန်တဦးက အနီးကပ်ကြီးကြပ်ပေးနေသလို Fever Clinic က ဆရာဝန်တွေကလည်း part time အနေနဲ့ လာရောက်ကူညီပေးနေတာဖြစ်ပါတယ်။
သာကေတမြို့နယ်မှာလည်း ရပ်ကွက်အလိုက် အနံ့ပျောက်တဲ့ လူနာတွေကို ထားရှိဖို့နေရာတွေ ပြင်ဆင်ထားပြီး တချို့ရပ်ကွက်တွေမှာတော့ အနံ့ပျောက်တဲ့သူတွေကို သီးသန့်ထားရှိနေပြီလို့ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ မြို့နယ်တွေအလိုက် ကော်ရန်တင်းစင်တာတွေ ပြုလုပ်ထားသလို အခုနောက်ပိုင်းမှာ အနံ့ပျောက်တဲ့ သူတွေကိုပါ သီးသန့်ထားဖို့ စင်တာတွေ ပြုလုပ်ထားတာပါ။
စင်တာတွေဖွင့်လှစ်ရာမှာ လိုအပ်တဲ့ အသုံးအဆောင်တွေ၊ နေထိုင် စားသောက်ရေးတွေအတွက်ကိုလည်း မြို့နယ်အလိုက် အလှူရှင်တွေရဲ့ ပံ့ပိုး မှုနဲ့ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။