ကိုရီးယားရောက်မြန်မာများ တိုကင်စနစ်ဖြင့် ကြိုတင်မဲပေး
DVB
·
October 3, 2020
ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာမှာ မဲပေးသူ များပြားတာကြောင့် ကိုရီးယားနိုင်ငံ မြန်မာသံရုံးက တိုကင်စနစ် ပြန်လည်ပြုလုပ်ပြီး မဲပေးရတယ်လို့ ကိုရီးယားနိုင်ငံ ရောက် မြန်မာနိုင်ငံသား ကိုအားတန် (Ah Tang) က DVB ကို ပြောပါတယ်။
“သံရုံးက မနေ့က မဲပေးတဲ့အတွေ့အကြုံအရ ဝေဖန်မှုတွေ အရမ်းမြင့်တက်လာတာကြောင့် ဒီနေ့မှ အစီအစဉ် ပြန်ပြောင်းသွားတာ။”
ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ ၂ ရက်နေ့က ကိုရီးယားရောက် မြန်မာနိုင်ငံသားများ စတင်မဲပေးခဲ့ရာ မဲပေးသူဦးရေ ၁၀,၆၀၀ လောက် ရှိပြီး ကိုးရီးယားနိုင်ငံ အစိုးရ တာဝန်ရှိသူတွေက လူဦးရေ သတ်မှတ်ပေးဖို့ ပြောလာတာကြောင့် တရက်ကို လူဦးရေ ၈၀၀ သာ တိုကင်ယူပြီး မဲပေးဖို့ ကိုရီးယား-မြန်မာ သံရုံးက သတ်မှတ်လိုက်တာပါ။
ကိုရီးယား-မြန်မာ သံရုံးရဲ့ စီစဉ်မှုမှာ မဲပေးသူတွေကို အချိန်ပိုကြန့်ကြာမှုရှိတယ်လို့ ကိုဆန်းယောဟန်က ပြောပါတယ်။
“ကျနော်က ၂ ရက်နေ့ ပထမနေ့မှာပဲ မဲပေးဖို့သွားတယ်။ လူအရမ်းများလို့ မပေးနိုင်ခဲ့လို့ ပြန်လာတယ်။ ၁၁ ရက်နေ့မှ ပြန်သွားမယ်။ မဲပေးဖို့ သွားခဲ့ပေမယ့် လူများလို့ မပေးနိုင်ခဲ့ပေမယ့် တစ်ခေါက် ပြန်ကြိုးစားမယ်။ တိုကင်စနစ်က အွန်လိုင်းစနစ် မဟုတ်တော့ အဝေးကလာရသူတွေ ညအိပ် သွားရတာ အချိန်ပိုကုန်တယ်။”
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ဆန္ဒမဲပေးမယ့် မြန်မာနိုင်ငံသားဦးရေ ၃ သောင်းဝန်းကျင်ရှိပြီး ဆန္ဒမဲပေးဖို့ ပုံစံ-၁၅ ပေးပို့သူ ၁ သောင်းကျော် အနက် မဲပေးခွင့်ရှိသူ ၉၈၁၀ အနက် ၃၅၀ မှာ အချက်အလက်မပြည့်စုံတာကြောင့် အောက်တိုဘာ ၄ ရက် နောက်ဆုံးထား ပြန်ဖြည့်ပြီး မဲပေးဖို့ ကိုရီးယားမြန်မာသံရုံးက စီစဉ်ထားပါတယ်။