Homeမြန်မာသတင်း
စားဝတ်နေရေး အခက်ကြုံနေသည့် လပွတ္တာက အိမ်ခြေ ၁၀၀၀ ကျော်အား အဖြူရောင်ဧရာဝတီ အဖွဲ့ ထောက်ပံ့
စားဝတ်နေရေး အခက်ကြုံနေသည့် လပွတ္တာက အိမ်ခြေ ၁၀၀၀ ကျော်အား အဖြူရောင်ဧရာဝတီ အဖွဲ့ ထောက်ပံ့
DVB
·
October 3, 2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ ကိုဗစ်ကာလ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ခြေ ၁၀၀၀ ကျော်ကို အဖြူရောင်ဧရာဝတီအဖွဲ့က မျှဝေခြင်းအစီစဉ်နဲ့ လိုက်လံ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။
လပွတ္တာမြို့ပေါ်က ရပ်ကွက်တွေကို စက်တင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ရပ်ကွက်ထဲက အစိုးရရဲ့ ထောက်ပံ့ပေးတဲ့ စားသုံးကုန်တွေ မရတဲ့ အိမ်ထောင်စုတွေကို အဓိကထားပြီး ဆန်နဲ့ နှာခေါင်းစည်းတွေ ထောက်ပံ့ပေးခဲ့တာလို့ အဖြူရောင်ဧရာဝတီအဖွဲ့ဝင် ကိုစိုးသီဟမင်းက DVB ကို ပြောပါတယ်။
“အဓိက အစိုးရရဲ့ ထောက်ပံ့မှုမရတဲ့သူတွေကို ဝေဖြစ်တာပါ၊ ခုဆို မြို့ပေါ်ရပ်ကွက် ၅ ခုလောက် ပြီးပါပြီ။ အားလုံးကို ဆန် ၁ ပြည်နဲ့ နှာခေါင်းစည်းတွေ အိမ်ထောင်စုတိုင်းကို ပေးတာပါ၊ တချို့ ဆို ဆန်ရတော့ မျက်ရည်ဝဲတဲ့သူတွေတောင်ရှိတယ်။”
အဖြူရောင်ဧရာဝတီအဖွဲ့ဟာ လပွတ္တာမြို့အခြေစိုက် သဘာဝဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေကို အဖွဲ့ရဲ့ ဘတ်ဂျက်နဲ့ စေတနာရှင်အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ ပူးပေါင်းပြီး ခုလို လိုက်လံပေးဝေနေတာလို့ ဆိုပါတယ်။
စက်တင်ဘာလ ၃၀ ရက်ကနေ အောက်တိုဘာလ ၂ ရက်နေ့ထိ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၃၀၀ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာလည်း လပွတ္တာမြို့နယ်အတွင်းက ကျေးရွာတွေကိုပါ သွားရောက်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ အဆိုပါအဖွဲ့က သိရပါတယ်။
လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၁၁ ယောက်ထိ ရှိနေပြီး ဆေးရုံဆင်းခွင့်ရသူ ၂ ဦးနဲ့ အသွားအလာကန့်သတ်ထားတဲ့ နေရာ ၁ နေရာရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)