Homeမြန်မာသတင်း
စစ်တွေဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး၊ အောက်ဆီဂျင်ပေးထားသည့် လူနာ ၈ ဦးရှိ
စစ်တွေဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး၊ အောက်ဆီဂျင်ပေးထားသည့် လူနာ ၈ ဦးရှိ
DVB
·
October 3, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူဆေးရုံမှာ အောက်တိုဘာလ ၂ ရက်နေ့က အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး အောက်ဆီဂျင်ပေးထားရတဲ့ လူနာ ၈ ဦးအထိ ရှိတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။
“ဟုတ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ်နဲ့ ထပ်ဆုံးသွားပါတယ်။ သူ့မှာက သွေးတိုးရောဂါအခံ ရှိတယ်။ ဒီနေ့မနက် ၁၁ နာရီမှာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူရင်း ဆုံးသွားတယ်။ အထူးကြပ်မတ်ဆောင်မှာ နောက် ၁ ဦး ဆေးကုသမှု ခံယူနေတယ်။ အောက်ဆီဂျင်ပေးထားရသူ ၈ ဦးအထိ ရှိနေတယ်။”
စစ်တွေမြို့က ပြည်သူတွေအနေနဲ့ ပေါ့ဆစွာ မနေကြဖို့၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာကြဖို့နဲ့ Stay at Home အဖြစ် နေအိမ်မှာပဲ နေထိုင်သင့်တယ်လို့ ဒေါက်တာဇော်လွင်က တိုက်တွန်းပါတယ်။
စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၈၆၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၇၁၁ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံမှာ လက်ရှိကုသနေသူ ၁၄၆ ဦး ရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၄ ဦးအထိ ရှိလာနေပြီး စစ်တွေဆေးရုံကြီးက ၃ ဦးနဲ့ ကျောက်တော်ဆေးရုံကြီးက ၁ ဦးတို့ ဖြစ်ပါတယ်။
လင်းလက်