ပုသိမ်တွင် ကိုဗစ်လူနာများလာသဖြင့် အရေးပေါ်ဆေးရုံ ၁ ပတ်အတွင်း အပြီးဆောက်မည်
DVB
·
October 3, 2020
ဧရာဝတီတိုင်း ပုသိမ်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ လူနာ များလာတာကြောင့် အရေးပေါ်ဆေးရုံကို ၁ ပတ်အတွင်း အပြီးဆောက်မယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ အောက်တိုဘာလ ၂ ရက်နေ့က အာခေါင်တို့ဖတ် ၁၀ ဦးကို စစ်ဆေးခဲ့တဲ့အထဲ ၅ ခုမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ လူမှုကွန်ရက်စာမျက်နှာပါ ရေးသားထားပါတယ်။
“Plan D အနေနဲ့ လူနာ ၈၈ ဦးဆံ့မယ့် ကိုးသိန်း အ.မ.က အရေးပေါ်ကိုဗစ်ဆေးရုံ တည်ထောင်မယ့်လုပ်ငန်းများ မနက်ဖြန် စတင်ပါတော့မည်။ တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်။”
ပုသိမ်ပြည်မြို့မှာ အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းက ရောဂါပိုးတွေ့ရှိသူ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၁၂ ဦးအထိ ရှိလာတဲ့နောက်ပိုင်း ဆေးရုံအုပ်ကြီးက ပလန်-ဒီ အနေနဲ့ ကိုဗစ်အရေးပေါ် ဆေးရုံကို ဆောက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။
ကိုးသိန်းအခြေခံပညာမူလတန်းကျောင်းမှာ တည်ဆောက်မယ့် ကိုဗစ်အရေးပေါ်ဆေးရုံကို အောက်တိုဘာလ ၃ ရက်နေ့က စတင်ကာ ဆောက်လုပ်သွားဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၃၀၀ နဲ့ ၄၀၀ ကြား ရှိနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၇၇၅ ဦးလောက် ကုသနိုင်ဖို့အတွက် နေရာ ၁၅ နေရာ ပြင်ဆင်ထားပြီး လိုအပ်ရင် တိုးချဲ့တာတွေ လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိအချိန်ထိ ပုသိမ်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အဲဒီထဲက ကျန်းမာရေး ကောင်းလို့ ဆေးရုံဆင်းခွင့်ရသူ ၅၃ ဦး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ဆက်လက်ဆေးကုသနေသူ ၂၈ ဦးနဲ့ တိုင်းရင်းကျန်းမာရေးဆေးရုံမှာ ၄၈ ဦး စုစုပေါင်း ၇၆ ဦးထိ ရှိပါတယ်။
ပြည်သူတွေအနေနဲ့ စည်းကမ်း လိုက်နာကြဖို့၊ မလိုအပ်ဘဲ ဆေးရုံ ဆေးခန်းတွေမလာဖို့၊ အပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ရှားဖို့နဲ့ လိုအပ်လို့ အပြင်ထွက်ရင် Mask တပ်ပြီး သွားလာဖို့နဲ့ လက်ခဏခဏ ဆေးဖို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က မေတ္တာရပ်ခံထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)