ကျောက်ဖြူဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး မီးဖွား
DVB
·
September 30, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ စက်တင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး မီးဖွားခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ကျောက်ဖြူက ကိုယ်ဝန်ဆောင် မိခင်တဦးဟာ နေမကောင်းတဲ့အတွက် ခရိုင်ပြည်သူ့ ဆေးရုံကြီးမှာ သွားရောက်ပြသစဉ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။
အဆိုပါ ကိုဗစ်ပိုးတွေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံ သီးသန့်ဆောင်မှာ ရှိပြီးနောက် မနေ့ညနေက ကလေးမွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ မိခင်ရော ကလေးပါကျန်းမာရေး ကောင်းမွန်နေတယ်လို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောပါတယ်။
“ဗိုက်ကြီးလို့ မွေးခါနီးလို့မွေးတာ၊ အခု လောလောဆယ်အထိ ကောင်းပါတယ်။ အခုကျနော် ဖြေတဲ့အချိန်ထိကောင်းတယ်။ ထားတာကတော့ ကလေးကို သူ့အမေနဲ့ထားရတာပေါ့။”
ကျောက်ဖြူမြို့မှာ သြဂုတ် ၂၅ ရက်ကစပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူတွေရှိလာပြီးနောက် နေ့စဉ်ရောဂါ ပိုးကူးစက်ခံရသူတွေဟာ တဖြည်းဖြည်းတိုးလာနေသလို ကိုဗစ်-၁၉ ကူးစက်ခံရသူ အတည်ပြုလူနာ ၂၀၀ ကျော်ထိရှိကာ ရောဂါသက်သာလို့ ဆေးရုံကဆင်းခွင့်ရသူလည်း ၁၀၀ ကျော်ရှိပါတယ်။
သတင်း-နောင်နောင်