လွိုင်ကော် ကွာရန်တင်းစင်တာမှ ထွက်ပြေးသူကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်
နော်နိုရင်း
·
September 29, 2020
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကွာရန်တင်းစင်တာကနေ ထွက်ပြေးသွားသူ တစ်ဦးကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆/၂၉ နဲ့ မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ၆ လ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်က တခြားပြည်နယ်ကနေ လွိုင်ကော်ကို ပြန်လည်ဝင်ရောက်လာသူ တစ်ဦးဟာ လွိုင်ကော်တက္ကသိုလ်ရှိ ကွာရန်တင်းစင်တာမှာနေထိုင်နေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲဝင်နဲ့ဝန်ထမ်းတွေက တားမြစ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်ကို ရန်ပြုပြီး ထွက်ပြေးသွားခဲ့တာပါ။
ထွက်ပြေးဖို့ကြိုးစားသူဟာ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
သူ့ကို လွိုင်ကော်ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေထိန်းသိမ်းခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ကွာရန်တင်းစင်တာမှာ ပို့ဆောင်ထားကာ အမှုဖွင့်ထားခဲ့တာဖြစ်ပါတယ်။
ဒီကနေ့တော့ သူ့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချလိုက်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာမရှိသေးပေမယ့် ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ ပြည်နယ်အတွင်းဝင်ရောက်လာပါက ကွာရန်တင်း ၁၄ ရက် ဝင်ရောက်ဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီအမိန့်စာကိုလည်း အောက်တိုဘာ ၃၁ ရက်အထိ ရက်ထပ်တိုးထားပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကယားပြည်နယ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မနဲ့ အရေးယူထောင်ချခံရတာဟာ ဒါပထမဆုံးဖြစ်ပါတယ်။