ချင်းမိုင်တွင် ၁ နှစ်သားအရွယ် မြန်မာကလေးငယ် ၁ ဦး ကားတိုက်မိပြီး သေဆုံး
DVB
·
September 29, 2020
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဓာတ်ဆီဆိုင်လုပ်သား မြန်မာအလုပ်သမား ၁ ဦးက ကားနောက်ဆုတ်စဉ် ၁ နှစ်ကျော်အရွယ် မြန်မာကလေးငယ် ၁ ဦးကို ဝင်တိုက်မိပြီး မိန်းကလေးငယ်မှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ CM108 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲလောက်က ချင်းမိုင်မြို့ ဝပ်ကစ်ရပ်ကွက် ကလေးတရားရုံးမီးပွိုင့်အနီးရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ မော်တော်ကား ၁ စီးနောက်ဆုတ်စဉ် ကလေးငယ်ကို ဝင်တိုက်မိကြောင်း တိုင်ကြားချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မယ့်ပင်းရဲစခန်းတာဝန်ကျရဲအုပ် ဖုန်းဆဒ်ထဝီရနာက ပြောပါတယ်။
တာဝန်ရှိသူတွေရောက်သွားချိန်မှာ အခင်းဖြစ်တဲ့နေရာဟာ ဓာတ်ဆီဆိုင်ယာဉ်ရပ်နားတဲ့ နေရာမှာ ဖြစ်ပြီး တကိုယ်လုံးသွေးတွေပေကျံနေတဲ့ ကလေးငယ်တစ်ဦးကို အမျိုးသမီး ၁ ဦးက ပွေ့ဖက်ငိုကျွေးနေတာကို တွေ့ရပါတယ်။
အနီးမှာလည်း မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကားတစ်စီးဘေးမှာ ရဲတွေကိုဖြောင့်ချက်ပေးဖို့ ရပ်စောင့်နေတဲ့ ယာဉ်မောင်းသူကို တွေ့ရပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ကလေးငယ်ကို ပွေ့ဖက်ငိုကြွေးနေသူမှာ အဆိုပါဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမ ၁ ဦးဖြစ်ပြီး ကလေးအဖေရော သူမပါ ဓာတ်ဆီဆိုင်က အလုပ်သမားတွေဖြစ်ကြောင်း၊ အခင်းမဖြစ်ခင်ရှေ့က အလုပ်ဆင်းချိန်ဖြစ်တဲ့အတွက် သူတို့ လင်မယား ၂ ယောက်လုံး အိမ်ပြန်ဖို့ အလုပ်သမားနားနေခန်းမှာ ပြင်ဆင်နေစဉ် ၁ နှစ်နဲ့ ၅ လရွယ်ရှိ သမီးလေးက အဲဒီအနီးတဝိုက်မှာ ဆော့နေတာလို့ ဆိုပါတယ်။
ထိုစဉ် စိုင်းဆုဆိုတဲ့ နောက်ထပ်မြန်မာလုပ်သား ၁ ဦးက သူ့ကားနောက်မှာ ကလေးကစား နေတာကို မသိဘဲ ကားထွက်ဖို့ ယာဉ်ကိုနောက်ဆုတ်လိုက်စဉ် ကလေးကိုတိုက်မိလို့ ကလေးက လဲကျသွားကြောင်း၊ အဲဒီနောက် ကားရဲ့နောက်ဘီးက ကလေးရဲ့ဦးခေါင်းကို ထပ်ကြိတ်လိုက် ကြောင်း၊ အဲဒီခါကျမှ ယာဉ်မောင်းသူက တစုံတခု ငြိနေပြီဆိုတာ သတိထားမိပြီး ဆင်းလာ ကြည့်တော့ ကလေးကိုတိုက်မိနေလို့ အနီးအနားက လူတွေကို အော်ဟစ်အကူအညီ တောင်းလိုက်ပါ တယ်။
ကလေးမိဘတွေလည်း အပြေးရောက်လာပြီး ကြည့်လိုက်တော့ ကလေးက အသက်မရှိတော့ပါဘူး။ တာဝန်ရှိသူတွေက ကလေးရဲ့အလောင်းကို လိုအပ်သလို ခွဲစိပ်စစ်ဆေးဖို့ ချင်းမိုင်မဟာရတ်ချ် ဆေးရုံကို ခေါ်သွားပြီး တချိန်တည်းမှာ ဖြစ်ရပ်မှန်တွေကို စီစီကင်မရာတွေကနေ ထပ်ပြီးစစ်ဆေးဦးမယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြန်မာအလုပ်သမား စိုင်းဆုကို လိုအပ်သလို အရေးယူဖို့ ရဲစခန်းမှာ ခေါ်စစ်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား- CM108