Home
ရုပ်သံ
သရုပ်ဆောင်ဒေါင်း အွန်လိုင်းက ဆွေးနွေးခဲ့သည့် “လင်္ကာဒီပချစ်သူ”အကြောင်း(ရုပ်သံ)
DVB
·
September 29, 2020
Untitled-1
       ကိုဗစ်-၁၉ ပထမလှိုင်းကာလကတည်းက အွန်လိုင်းပေါ်မှာ အပတ်စဉ် ကောင်းနိုး ရာရာ စာအုပ်တွေ ဖတ်ပြတာ၊ ဆွေးနွေးတာတွေ လုပ်ဆောင်နေတဲ့ ဒေါင်းက ခုတပတ်မှာတော့ နာမည်ကြီးဝတ္ထုတပုဒ်ဖြစ်တဲ့ “လင်္ကာဒီပချစ်သူ”နဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ လိုက်ဖ်လွှင့် ဆွေးနွေးခဲ့ပါတယ်။        ဒီစာအုပ်ကတော့ စာရေးဆရာ ချစ်ဦးညိုရဲ့ နာမည်ကြီး ဝတ္ထုတပုဒ်ဖြစ်ပြီး ၁၉၇၇ ခုနှစ်မှာ မြေလတ်သားစာပေက ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ ရှုမဝ မဂ္ဂဇင်းမှာ ဒီဝတ္ထုကို ပန်းချီဝသုန်က ရုပ်ပြဇာတ်လမ်း အနေနဲ့ ပုံဖော်ခဲ့ပြီး အချိန် ၃၆ လကြာ လစဉ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။        အဲဒီနောက်မှာတော့ လုံးချင်းရုပ်ပြအဖြစ်ရော ဝတ္ထုအနေနဲ့ပါ အကြိမ်ကြိမ် အဖန် ဖန်ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး ပရိသတ်အားပေးလက်ခံမှုတွေနဲ့ မှတ်တိုင်တခု ဖြစ်ခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီဇာတ်ကြောင်းကတော့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ရာမာယဏ ဇာတ်တော် လာ ဇာတ်လမ်းကျောရိုးကို ယူထားပြီး ဒဿဂီရိဇာတ်ကောင်ကို အဓိက ဇာတ်ဆောင် အနေနဲ့ မူရင်းဇာတ်ကြောင်းမှ သမိုင်းအချက်အလက်တွေကို အစကောက်ရုံသာ ကောက် ထားပြီး ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက်ကို ဆရာချစ်ဦးညိုရဲ့ စိတ်ကူးနဲ့ ဒဿနအမြင် ရှုထောင့်သစ်ကနေ ဖန်တီးရေးဖွဲ့မှုအတွက် ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့ နာမည်ကြီးခဲ့တဲ့ စာအုပ်တအုပ်ပါ။ ခုတခါမှာတော့ ဒေါင်းက ဒီရုပ်သံထဲမှာ လင်္ကာဒီပချစ်သူစာအုပ်နဲ့ ပတ်သက်တဲ့ အ မြင်ရှုထောင့်စိတ်ကူးစိတ်သန်းတွေကို ပရိသတ်တွေနဲ့ မျှဝေဆွေးနွေးထားခဲ့တာကို ရှုစား ကြရမှာ ဖြစ်ပါတယ်။   အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွ ကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ လတ်တလောမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပရိသတ်တွေကို စိတ်ခွန်အားပေးတဲ့ စာဖတ်ပြတာတွေ၊ ဆွေးနွေးတာတွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ်(Followers) ၁ သန်းကျော် ရှိကာ အပတ်စဉ် ဖတ်ပြဆွေးနွေးတဲ့ ရုပ်သံဗီဒီယိုတွေကိုပါ ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။        လာမယ့်တပတ်မှာတော့ ဒေါင်းက စာရေးဆရာမ ဂျူးရဲ့ ပင်လယ်နှင့်တူသော မိန်းမများ စာအုပ်ကို ဆွေးနွေးသွားမယ်လို့ ပရိသတ်တွေကို အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013