ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအမိန့်များ အောက်တိုဘာ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်
DVB
·
September 28, 2020
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ပြည်သူသို့ ပြန်ကြားချက်တွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို အောက်တိုဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို သက်တမ်းတိုးမြှင့်လိုက်တာလို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဒီကနေ့ ည ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ထားတဲ့ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထဲမှာ လူ ၃၀ ထက်ပိုပြီး လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။
ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး Stay at Home အမိန့်ထုတ်ထားသလို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က ၁၁ မြို့နယ်မှာလည်း Stay at Home အမိန့်ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့် ယာယီကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကိုလည်း အောက်တိုဘာ ၃၁ ရက်နေ့အထိ ထပ်မံ တိုးမြှင့်သတ်မှတ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ည ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း ၁၁,၆၃၁ ယောက်၊ သေဆုံးသူ ၂၅၆ ယောက်နဲ့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့သူ ၃,၀၇၃ ယောက် ရှိပါတယ်။