မြင်းခြံမြို့တွင် ရန်ကုန်မှလာသည့် ကုန်ကားများကို စစ်ဆေးရန် သီးသန့်ဂိတ်ထားရှိ
DVB
·
September 28, 2020
မန္တလေးတိုင်း၊ တောင်သာမြို့ကနေ မြင်းခြံမြို့အဝင် နန်းမြင့်တောင်အနီးမှာ ရန်ကုန်ကနေဝင်လာတဲ့ ကုန်စည်ကားတွေကို စစ်ဆေးဖို့ ဂိတ်တစ်ခု သီးသန့်ထားရှိထားတယ်လို့ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။
မြင်းခြံမြို့မှာ မြို့ဝင်/မြို့ထွက်စစ်ဆေးရေးဂိတ်က ၃ နေရာရှိပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လဝကနဲ့ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေကြတာပါ။
စစ်ဆေးရေးဂိတ်မှာ တာဝန်ကျသူတွေအတွက်ကိုလည်း နေထိုင်စားသောက်ဖို့ကအစ စီစဉ်ပေးထားတယ်လို့ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောပါတယ်။
ရန်ကုန်တိုင်းက ပြန်လာတဲ့သူတွေနဲ့ Stay at Home သတ်မှတ်ထားတဲ့ နေရာဒေသအသီးသီးကနေ ပြန်လာတာတွေရှိခဲ့ရင် သက်ဆိုင်ရာဂိတ်တာဝန်ခံတွေဘက်ကနေ အသိပညာပေးဖို့နဲ့ Quarantine ဝင်ဖို့အတွက် လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ရပ်ကျေးမှ အုပ်ချုပ်ရေးမှူးတွေနဲ့ ပရဟိတ အသင်းတွေကလည်း ကိုဗစ်-၁၉ ဖြစ်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးသတိပေးချက်တွေကို အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာပေးတာတွေလည်း ရှိပါတယ်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၆၀ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း- အဂ္ဂဖြိုး