ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၃ ဦး ပထမဆုံး တွေ့ရှိ
DVB
·
September 27, 2020
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး ပထမဆုံး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
ရန်ကုန်ကပြန်လာပြီး ချောက်မြို့ ဥယျာဉ်ကြီးကျေးရွာ facility Quarantine ဝင်နေတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့မှာ ကိုဗစ် ၁၉ ပိုးတွေရှိခဲ့တာလို့ ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်ဦးက ပြောပါတယ်။
“သုံးဦးလုံး ဥယျာဉ်ကြီးကျေးရွာကပါ၊ ရန်ကုန်ပြန် Quarantine ထဲက၊ လက်ရှိကျန်းမာရေးကောင်းမွန်ပါတယ်။ သူတို့ကို ချောက်မြို့နယ် ပြည်သူဆေးရုံကို ပြောင်းရွှေ့မှာ။”
ရန်ကုန်ကပြန်လာပြီးနောက် Quarantine ဝင်နေတဲ့ ချောက်မြို့နယ် ဥယျာဉ်ကြီး ကျေးရွာက အမျိုးသား ၈ ဦးအပါအဝင် ၁၁ ဦးတို့ကို စက်တင်ဘာ၂၀ ရက်နေ့က Swab ယူပေးပို့ထားရာက ၃ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ချောက်မြို့က ၃ ဦး၊ ပခုက္ကူနဲ့ တောင်တွင်းကြီးမြို့က ၁ ဦးစီ ဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းအမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄ ဦး ရှိပြီလို့ သိရပါတယ်။
ကိုလင်း(ချောက်)