မြန်မာက အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု တတိယအများဆုံး နိုင်ငံဖြစ်လာ
DVB
·
September 27, 2020
တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀,၃၀၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၁,၃၃၉ ယောက် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅,၂၈၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၁,၂၅၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါ တယ်။
ကိုဗစ်-၁၉ ကြောင့် တတိယမြောက်သေဆုံးမှုအများဆုံး နိုင်ငံဖြစ်လာတဲ့ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ သေဆုံးသူ ၁၉၈ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၉,၁၁၁ ယောက် ရှိပြီလို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၃၃ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀,၇၆၉ ယောက် ရှိပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃,၅၂၂ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၀၆၉ ယောက် ရှိနေတာပါ။
စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၆၈၅ ယောက်နဲ့ ကူးစက်မှုမြင့်တက်နေပေမယ့် သေဆုံးသူအရေအတွက်ကတော့ တိုးမလာပဲ ၂၇ ယောက်မှာတင် ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဘရူနိုင်းနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူအရေအတွက် ၁၄၆ ယောက် ရှိနေခဲ့တာပါ။
ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၇၅ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃၂ ဒဿမ ၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၉၄,၂၅၃ ယောက် ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၂၀၈,၄၄၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၉၃,၄၄၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၄ ဒဿမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၁၄၀,၇၀၉ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၃၃၇ ယောက်နဲ့ သေဆုံးသူ ၄,၆၃၄ ယောက် ရှိနေပြီး အဆင့် ၄၄ အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။