ကွမ်းခြံကုန်းတွင် ကိုဗစ်-၁၉အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိ
DVB
·
September 26, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
ကွမ်းခြံကုန်းမြို့နယ်၊ ဈေးပိုင်းရပ်ကွက်က ၇ ဦး၊ တောင်ဘက်ပိုင်းရက်ကွက်က ၂ ဦး၊ စံပြရပ်ကွက်က ၂ ဦးနဲ့ မြို့မရပ်ကွက်၊ တော်ပုလွဲရပ်ကွက်၊ သုံးခွကျေးရွာနဲ့ မေတ္တာကျေးရွာတို့မှာ ၁ ဦးစီ၊ စုစုပေါင်း ၁၅ ဦး တွေ့ရှိခဲ့တာလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
ဓာတ်ခွဲနမူနာ ၃၄ ခုကို စက်တင်ဘာ ၂၁ ရက်နေ့က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)(NHL)ကို ပေးပို့စစ်ဆေးခဲ့ရာကနေ အဲဒီထဲက ၁၅ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
သူတို့အားလုံးက ကွာရန်တင်းဝင်နေသူတွေဖြစ်ကာ အများစုက အတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့သူတွေ ဖြစ်ပြီး စောင့်ကြည့်လူနာအချို့လည်း ပါဝင်ပါတယ်။
လောလောဆယ်မှာ ဆေးရုံက စောင့်ကြည့်လူနာတွေကို ကွာရန်တင်းစင်တာတွေကို ပို့ဖို့ စီစဉ်ထားပြီး အတည်ပြုလူနာ ၁၅ ယောက်လုံးကို ပို့ဆောင်ရမယ့်နေရာကိုတော့ မသိရသေးဘူးလို့ မြို့နယ်ကျန်းမာရေးကြီးကြပ်(၁)၊ ဦးဝေယံစိုးဝင်းက ပြောဆိုပါတယ်။
အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေ့ကိုလည်း စုံစမ်းနေပြီး ချက်ချင်း အသွားအလာ ကန့်သတ်မယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့အထိ ကွမ်းခြံကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
သတင်း - လွင်မိုးအောင် (ကွမ်းခြံကုန်း)