မင်္ဂလာတောင်ညွှန့်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ၃၉ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ညီငယ်
·
September 25, 2020
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၈၇ ယောက်ထဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်က ၃၉ ယောက်ပါဝင်ပြီး ဒီအထဲမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါဝင်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
"ပေါ့စတစ်တော့ဖြစ်တယ်။ ရောဂါပြင်းပြင်းထန်ထန်တွေတော့ သိပ်မတွေ့ရသေးဘူး။"လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်က ပိုးတွေ့ လူနာ ၃၉ ယောက်ထဲမှာ စားသောက်ဆိုင်လုပ်ငန်းတချို့နဲ့ မိသားစုလိုက်ကူးတာတွေ ၊ သူနာပြု အကူတချို့နဲ့ထိတွေ့ရာက ရောဂါပိုးကူးစက်ခံရတာတွေအပြင် ရဲတပ်ဖွဲ့ဝင်တစ်ယောက်လည်း ပါဝင်ပါတယ်။
အတည်ပြုလူနာတွေနဲ့ထိတွေ့ရာကနေ ရောဂါပိုးကူးစက်ခံရသူ ၂၉ ယောက်ပါဝင်ကာ ကျန်တဲ့သူတွေကတော့ ရောဂါလက္ခဏာပြလို့ ဆေးရုံပြရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲက အတည်ပြုလူနာတွေနဲ့ထိတွေ့သူတွေကို သိမ်ဖြူလက်ဝှေ့ရုံဝင်းထဲက သုံးထပ်ဆောင်နဲ့ နှစ်ထပ်ဆောင်တို့မှာထားပြီး စုစုပေါင်း ၁၂၀ လောက်ရှိသလို သီးသန့်ဆောင်မှာလည်း အတည်ပြုလူနာ ၃၁ ယောက်ကို ထားရှိကြောင်း သိရပါတယ်။
ဒါ့အပြင် မင်္ဂလာတောင်ညွှန့်မြို့နယ် အထက (၄)မှာလည်း မြို့နယ်တွင်းက အနံ့ပျောက်လက္ခဏာရှိသူတွေကို ဒီနေ့ ၁ ယောက်စလက်ခံထားပြီး ၁၅၀လောက်ထားနိုင်တယ်လို့ သိရပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ စက်တင်ဘာလ ၂၅ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၁၉၈ ယောက်ပါဝင်ပြီး ဒီလူနာတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ပါဝင်ပါတယ်။