Homeမြန်မာသတင်း
ကြည့်မြင်တိုင်တွင် တစ်ရက်တည်း လူ ၈၉ ဦး ပိုးတွေ့၊ လူစည်ကားရာစျေးကြီးများ၌ ရောဂါပိုးတွေ့
ကြည့်မြင်တိုင်တွင် တစ်ရက်တည်း လူ ၈၉ ဦး ပိုးတွေ့၊ လူစည်ကားရာစျေးကြီးများ၌ ရောဂါပိုးတွေ့
ညီငယ်
·
September 24, 2020
ရန်ကုန်က အကြီးဆုံး လက်ကားငါးဒိုင်ကြီးတစ်ခုဖြစ်တဲ့ ကြည့်မြင်တိုင် ဗဟိုစံပြငါးစျေးကြီးအပါအဝင် လူအများအလုပ်လုပ်ကိုင်ရာ ထီးတန်းစျေး၊ ညစျေးစတဲ့ နေရာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာတွေ ရှိနေတယ်လို့ ကြည့်မြင်တိုင်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။
"ပထမပိုင်းက ဗဟိုစံပြငါးစျေးက ပြတ်တောက် ပြတ်တောက်ဖြစ်တာပေါ့နော်။ တစတစနဲ့ကူး ကြတာပေါ့ဗျာ။ ငါးစျေးကနေမှတခါ လူစည်တဲ့နေရာတွေပေါ့ဗျာ။ ထီးတန်းစျေးတို့ ၊ ညစျေးတို့ လူစည်တဲ့ နေရာတွေဖြစ်တယ်။ နောက်လူများများအလုပ်လုပ်တဲ့နေရာတွေမှာ ဖြစ်တယ်ပေါ့။ တစ်ယောက်ဖြစ်ရင် မိသားစု...ဥပမာ ကျနော်တို့ ရန်ကုန်မြို့ပေါ်နေရာတွေက ကိုယ့်တိုက်နဲ့ကိုယ်နေကြတယ်ပေါ့။ သာမန်လက်လုပ်လက်စားသမားကျတော့ ဒီလိုမနေနိုင်ဘူး။ ပြွတ်သိပ်ပြီးတော့နေရတယ်လေ။ အိမ်တစ်အိမ်တည်းမှာ ငါးယောက်၊ ခြောက်ယောက်၊ ခုနှစ်ယောက်၊ တခါတလေ ကိုးယောက်လောက်ရှိတယ်။"လို့ ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက်အတွက် ဓာတ်ခွဲစစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၈၆၉ ယောက်ထဲမှာ ရန်ကုန်က ၇၈၃ ယောက်ပါဝင်ပြီး၊ အဲထဲမှာ ကြည့်မြင်တိုင်မြို့နယ်က ၈၉ ယောက်နဲ့ အများဆုံး ပါဝင်ပါတယ်။
ဒီပိုးတွေ့လူနာ ၈၉ ယောက်ထဲမှာ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူ(Close Contact)တွ အများစုပါဝင်ပြီး အနံ့မရလို့ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိတဲ့သူတွေလည်း ပါဝင်တဲ့အပြင် အနံ့ရပေမဲ့ နှာစေးချောင်းဆိုးဖြစ်ပြီး သုံးလေးရက်လောက် ဖျားနာပြီးမှ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိတာလည်း တွေ့ရကြောင်း ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
ကြည့်မြင်တိုင်မှာ အတည်ပြုလူနာတွေနဲ့ထိတွေ့သူတွေကို ကြည့်မြင်တိုင် အထက(၁)နဲ့ အထက(၂)တို့မှာ အသွားအလာကန့်သတ်ထားပြီး လတ်တလောစာရင်းတွေအရ လူပေါင်း ၁၆၀ ကျော် အသွားအလာကန့်သတ်ထားပါတယ်။
ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က "အဓိကတော့ အနီးကပ်ထိတွေ့သူ (Close Contact)တွေများလို့ဖြစ်တာပါ။ စျေးတစ်ခုတည်းကြောင့်တော့ ကျနော် မယူဆဘူးဗျ။ တခြားPublicနဲ့ ဆက်ဆံတဲ့ အပိုင်းကလူတွေလည်း ပါပါလိမ့်မယ်"လို့ ပြောပါတယ်
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံလူနာ အယောက် ၂၁၀ ရှိပါတယ်။