မအူပင်မြို့က လသားအရွယ်ကလေးငယ် ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 24, 2020
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ် ကွာရန်တင်းစင်တာမှာ ဝင်ရောက်နေတဲ့ ၁ နှစ် ၇ လ အရွယ်ကလေး ငယ်တစ်ဦးဟာ မိခင်ဆီကနေတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကလေးငယ်ဆီမှာ ရောဂါကူးစက်မှုတွေ့ရှိခဲ့တဲ့အတွက် ကျန်မိသားစုဝင်အားလုံးကို ကွာရန်တင်းထားရှိကာ ဓာတ်ခွဲ နမူနာကို ပေးပို့စစ်ဆေးခဲ့ပြီး ကလေးဖြစ်သူကိုတော့ မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးကို မိခင်နဲ့အတူ ပို့ဆောင်ကာ ဆေးကုသပေးနေတယ်လို့ မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာ ခင်မာစိုးက ပြောပါတယ်။
မအူပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ဦးရှိခဲ့ပြီး အဆိုပါ အတည်ပြုလူနာတွေနဲ့ထိတွေ့ခဲ့တဲ့ ၃၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာတော့ ၃၄ ဦးမှာ မတွေ့ရှိရပဲ အဆိုပါ ကလေးငယ်တစ်ဦးတည်းမှာသာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
သတင်း - ထူးထူး