Home
မြန်မာသတင်း
MRTV တွင် မဲဆွယ်မိန့်ခွန်းရိုက်မည့်အစီအစဉ် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ ဖျက်သိမ်း 
DVB
·
September 23, 2020
119735684_626831158017630_6462398575253779592_n
မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာ ရိုက်ကူးတင်ပြမယ့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီရဲ့ ပါတီ မဲဆွယ်မိန့်ခွန်းပါ စာသားတချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက် ပယ်ဖျက်တာကြောင့် ရိုက်ကူးရေးမလုပ်တော့ဘူးလို့ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဋ္ဌ  ဦးတင်မောင်ဦးက ပြောပါတယ်။  ပယ်ဖျက်ခံရတဲ့စာသားတွေကတော့ "ပွင့်လင်းရိုးသားမှုမရှိသော စေ့စပ်ညှိနှိုင်းမှုများ၊ အပေးအယူမမျှသော ဝိသမလောဘကြီးမှု၊ အတ္တအစွန်းရောက်မှုများဟာ ပြည်တွင်းငြိမ်းချမ်းရေး အလင်းရောင်မတန်းနိုင်ဖြစ်နေရပါတယ်” ဆိုတဲ့ စာသားတွေ ဖြစ်ပါတယ်။  ဒါ့အပြင် မိမိတို့နယ်မြေဒေသတစ်ခု၊ ပြည်နယ်တစ်ခု၏ အထွေထွေဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံရေးပါတီကြီးတစ်ခုကသာလျှင် ဆောင်ရွက်ပေးနိုင်သည်ဟူသည့် စည်းရုံးဟောပြောခြင်းနှင့် သက်ဝင်ယုံကြည်ခြင်းတို့မှာ ဖက်ဒရယ်ဒီမိုကရေစီထွန်းကားရှင်သန်ရေးကို မီးလောင်တိုက်သွင်း ခြင်းသာဖြစ်ပြီး တစ်ပါတီအာဏာရှင်စနစ်သို့ ရည်ရွယ်ချက်ရှိရှိ ဖြစ်လာနိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှပါတယ်ဆိုတဲ့ ရေးသားချက်တွေကို ပယ်ဖျက်ခံ ရတာလို့ ဦးတင်မောင်ဦး ကပြောပါတယ်။ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းသာ ဝင်ပြိုင်ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်။ အလားတူ တခြားနိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းတွေ ဆင်ဆာဖြတ်တောက်ခံရတာတွေရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)ပါတီတို့ကလည်း MRTV မှာ    ရိုက်ကူးရေး မလုပ်တော့ဘူးလို့ ပြောထားပါတယ်။  သတင်း - နန်းစပယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024