ပုသိမ်၊ ပဒဲကောရွာတွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ် ၂၃ လုံး ပြိုကျပျက်စီး
DVB
·
September 22, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာမှာ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၃ လုံးပြိုကျပျက်စီးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၁၄ လုံးပြိုလဲပျက်စီးခဲ့ပြီး နေအိမ် ၉ လုံးကတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောပါတယ်။
"ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အုပ်ချုပ်ရေးက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအပါ ဝင် ရုံးကတာဝန်ရှိသူတွေ သွားပြီးထောက်ပံ့ပေးနေပါပြီ၊ စုစုပေါင်း လူဦးရေ ၈၁ ဦးလောက် လေဘေးသင့်သွားပါတယ်"လို့ ပြောပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်လို့ ပြိုကျပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၂၃ စုက အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၄၁ ဦး လေဘေးသင့်ခဲ့သလို လက်ရှိအချိန်မှာတော့ နီးစပ်ရာအမျိုးတွေရဲ့ နေအိမ်နဲ့ ကျေးရွာဘုန်းတော်ကြီးကျောင်းတွေမှာ အဆင်ပြေအောင် နေထိုင်ရေးစီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
လေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၂၃ စုက လူဦးရေ ၈၁ ဦးအတွက် သီတင်းတစ်ပတ်စာ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနဲ့ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ငွေကျပ် ၂၉ သိန်းကျော်ထောက်ပံ့မယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးက သိရပါတယ်။
ပုသိမ်မြို့၊ ဥတိုကျေးရွာအုပ်စု၊ ကွင်းလျှားလေးကျေးရွာမှာလည်း စက်တင်ဘာ ၂၀ ရက် ညပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးပြီး နေအိမ် ၂ လုံးပြိုကျပျက်စီးခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အေးရိပ်