ကိုဗစ်ကာလမှာ ကင်ဆာဝေဒနာသည်တွေကို ဘယ်လို စောင့်ရှောက်ကြမလဲ (ဆောင်းပါး)
DVB
·
September 22, 2020
COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ကပ်ဘေးကြီးအသွင်နဲ့ ရန်မူနေတာ ၈ လ ကျော် ၉ လ နီးပါးဖြစ်လာခဲ့ပါပြီ။ အဆိုပါ ကိုဗစ်ကာလ တစ်လျှောက်လုံးမှာ ဒီရောဂါဆိုးကြောင့် သေဆုံးသူအရေအတွက်ကလည်း ၉ သိန်းကျော်လွန်လာပြီဖြစ်ပါတယ်။ ဒီထဲက ၂၈% က ကင်ဆာဝေဒနာသည်တွေပါ။
ကင်ဆာအပါအဝင် ဆီးချို၊ သွေးတိုး၊ အသက်ရှူလမ်းကြောင်းပြဿနာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေဟာ COVID-19 ရောဂါကြောင့် အသက်ပေးရသူတွေထဲမှာ အများစုဖြစ်ပါတယ်။ ကိုဗစ်ရောဂါဆိုးဟာ လူ့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တာဖြစ်တာကြောင့် ကိုယ်တွင်းမှာ ရောဂါအခံတစ်စုံတစ်ရာရှိနေရင် ရင်ဆိုင်ရပိုပြီး ခက်ခဲတာပါ။
မြန်မာနိုင်ငံဟာလည်း ကိုဗစ်ရောဂါဆိုးကို ရင်ဆိုင်နေရပြီး သေဆုံးသူတချို့လည်း ရှိလာပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၁၂ ဦးထဲမှာ ကင်ဆာရောဂါအခံရှိသူတစ်ချို့လည်း ပါဝင်နေပါတယ်။
နဂိုကတည်းက မြန်မာနိုင်ငံဟာ ကင်ဆာဖြစ်နှုန်းမြင့်မားတဲ့တိုင်းပြည်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ WHO က ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိပြီး လူနာသစ် ၇ သောင်းနီးပါးလည်း တိုးပွားလာခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ယခုကာလမှာ ကင်ဆာဝေဒနာသည်တွေကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် ကာကွယ်ပေးနိုင်ဖို့အထူးလိုအပ်ပါတယ်။ ကင်ဆာဝေဒနာတွေဟာ ပြင်းထန်တဲ့ရောဂါတွေဖြစ်ကြပြီး ကိုဗစ်ပါကူးစက်ခံလိုက်ရရင် ထိခိုက်နိုင်ခြေက အလွန်မြင့်မားသွားတတ်တာကြောင့်ပါပဲ။
ကင်ဆာဝေဒနာရှင်တစ်ယောက်ကို ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ
တကယ်လို့ မိမိနေအိမ်မှာ ကင်ဆာဆက်နွယ်လူနာ တစ်စုံတစ်ယောက်ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မိမိကိုယ်တိုင် ကင်ဆာဝေဒနာသည်တစ်ယောက်ဖြစ်နေမယ်ဆိုရင် လူနာကို COVID-19 က ထိခိုက်စေနိုင်တယ်ဆိုတာကို အရင်ဆုံး သိနားလည်ထားဖို့ လိုအပ်မှာပါ။ ဒါ့အပြင် ကုသမှုတွေကလည်း ကိုယ်ခံအားစနစ်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။- ကင်ဆာဝေဒနာရှိနေသူတစ်ယောက်ဟာ ကိုယ်ခံအားစနစ် အားနည်းနေနိုင်တာမို့ ကိုဗစ်ပိုး ကူးစက်ခံရဖို့ဖြစ်နိုင်ခြေ အလွန်မြင့်မားလှပါတယ်။
- ရောဂါအဆင့်မရောက်သေးပဲ ကင်ဆာလက္ခဏာပြသနေတာမို့ စောစီးစွာ ကုသမှုခံယူနေတယ်ဆိုရင်လည်း ကုထုံးတွေကြောင့် ကိုယ်ခံအားနည်းနေနိုင်ပြီး ရောဂါဒါဏ်ကို ခံနိုင်ရည်နည်းပါးနေနိုင်တာကို သိနားလည်ထားပါ။
- တကယ်လို့ မကြာသေးခင်ကမှ ကင်ဆာဝေဒနာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဆိုရင်လည်း ကိုယ်ခံအားစနစ်ကို ပြန်လည်တည်ဆောက်နေချိန်ဖြစ်တာမို့ ရောဂါပိုးကို ပြန်လည်တိုက်ထုတ်နိုင်စွမ်း အားနည်းနေနိုင်ပါတယ်။
- ကင်ဆာရောဂါဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေတတ်ပါတယ်။ ဥပမာ – အဆုပ်၊ အသည်း စသည်ဖြင့်ပေါ့။ ဒီလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ပြင်းထန်စွာ ထိခိုက်ထားတဲ့အချက်ကြောင့် ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အားနည်းသွားစေမှာပါ။
- ကင်ဆာကုသမှုတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေတတ်ပါတယ်။ ဒါပေမယ့် ရောဂါသက်သာဖို့ မဖြစ်မနေ ကုထုံးတွေကို ခံယူရမှာလည်းဖြစ်တာကြောင့် ရောဂါကာကွယ်ရေးကို အထူးဂရုစိုက်ပြုလုပ်ဖို့၊ စိတ်အချရဆုံးဖြစ်မယ့် နည်းလမ်းကို ဆရာဝန်နဲ့တိုင်ပင် ညှိနှိုင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။
- အဆုံးအစွန် မဖြစ်မနေအခြေအနေမျိုးရောက်မှသာ အိမ်ကနေ အပြင်ကိုထွက်ပါ။
- လက်ကို မကြာခဏ ဆပ်ပြာနဲ့ဆေးပါ။ စက္ကန့် ၂၀ ကြာအောင်ဆေးပါ။
- လူတွေကြားထဲမှာဖြစ်နေရင် အနည်းဆုံး ၆ ပေ ခွာပြီးနေပါ။ မိမိနေအိမ်ထဲကနေ အပြင်ကို သွားလာထားသူရှိနေရင် သူနဲ့ ခပ်ခွာခွာနေပါ။
- ဖုန်း၊ ဘေစင်၊ တံခါးလက်ကိုင်၊ မီးခလုတ်စတဲ့ မကြာခဏ ထိတွေ့ကိုင်တွယ်ဖြစ်တဲ့ ပစ္စည်းတွေကို ပုံမှန်သန့်စင်ပိုးသတ်ပေးပါ။
- မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိကိုင်တာကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။
- လိုအပ်တဲ့ ဆေးဝါးအာဟာရတွေကို ကြိုတင်ဝယ်ယူဖြည့်ဆည်းထားပါ။
- မဖြစ်မနေ အပြင်သွားဖို့ အကြောင်းဖန်လာခဲ့ရင် Mask၊ Face Shield နဲ့ လက်အိတ်တွေကို ဝတ်ဆင်ပြီးမှ သွားပါ။
- သက်ဆိုင်ရာ ဆရာဝန်နဲ့ အဆက်အသွယ်မပြတ်ရှိနေပါစေ။
- ချောင်းဆိုးတာ
- အသက်ရှူရခက်တာ
- ဖျားတာ
- ချမ်းတုန်တာ
- ကြွက်သားနာကျင်ကိုက်ခဲတာ
- လည်ချောင်းနာတာ
- အနံ့ခံလို့မရတော့တာတွေပါပဲ။