ကွမ်းခြံကုန်းတွင် ၃ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်တွေ့
DVB
·
September 22, 2020
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ သုံးရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
အတည်ပြုလူနာအများစုက စျေးရောင်းသူ၊ ယာဉ်မောင်းနဲ့ အလုပ်သမားတွေဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ဖောင်ကြီးကုသရေးဆေးရုံနဲ့ သုဝဏ္ဏမြက်ခင်းတုက ယာယီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း ၄၉ ဦးအထိရှိနေပြီး လက်ရှိမှာ ကွာရန်တင်းထားထားတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ ဦးဝေယံစိုးဝင်းက ပြောပါတယ်။
အဲ့ဒီထဲကမှ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့သူ အယောက် ၃၀ နဲ့ စောင့်ကြည့်လူနာ ၄ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စက်တင်ဘာ ၂၁ ရက်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)ကို ပေးပို့စစ်ဆေးထားပါတယ်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ ၅၀ က စာသင်ကျောင်းတွေမှာ ကွာရန်တင်းစင်တာတွေ ပြင်ဆင်ထားပြီး ထိတွေ့သူရဲ့နေရပ်အလိုက် သူ့ဒေသမှာပဲ အသီးသီး ကွာရန်တင်းထားသွားမယ်လို့ သိရပါတယ်။ PUI လူနာတွေကိုတော့ ဆေးရုံမှာပဲ စောင့်ကြည့်သွားမှာပါ။
စက်တင်ဘာ ၂၁ ရက်အထိ ကွမ်းခြံကုန်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦး ရှိသွားပြီဖြစ်ပါတယ်။
သတင်း - လွင်မိုးအောင် (CJ) ကွမ်းခြံကုန်း