ပုဂ္ဂလိကသတင်းစာများ ယာယီရပ်နား
DVB
·
September 22, 2020
နေ့စဉ်သတင်းစာထုတ်ဝေမှုတွေကို ယာယီရပ်နားမယ်လို့ ပြည်တွင်း ပုဂ္ဂလိက သတင်းစာတွေဖြစ်တဲ့ ဆဲဗင်းဒေးသတင်းစာ၊ စံတော်ချိန်သတင်းစာနဲ့ မြန်မာတိုင်းမ် သတင်းစာတိုက်တွေက ကြေညာလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home နေထိုင်ဖို့ သတ်မှတ်ထားတဲ့ ကာလဖြစ်တာကြောင့် စက်တင်ဘာ ၂၃ ရက်နေ့စပြီး ရပ်နားမယ်လို့ ဆဲဗင်းဒေးသတင်းစာအယ်ဒီတာအဖွဲ့က ကြေညာထားပါတယ်။
မြန်မာတိုင်းမ်သတင်းစာကတော့ ရန်ကုန်တိုင်းမှာ နေအိမ်အတွင်း နေထိုင်ဖို့ သတ်မှတ်ထား တဲ့ စက်တင်ဘာ ၂၂ ကနေ အောက်တိုဘာ ၇ အထိ ရပ်နားမှာ ဖြစ်ပါတယ်။
စံတော်ချိန်သတင်းစာကတော့ စက်တင်ဘာ ၂၂ ကနေ စက်တင်ဘာ ၂၈ အထိ ရပ်နားမှာ ဖြစ်ပါတယ်။
သတင်းစာထုတ်ဝေမှုတွေကို ရပ်နားထားပေမယ့် ပြည်သူတွေအနေနဲ့ သိသင့်သိထိုက်တဲ့ သတင်းတွေကို သိရှိနိုင်ဖို့အတွက် သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝက်ဆိုက်တွေကနေ ပြီးတော့ သတင်းတွေကို ပုံမှန်တင်ဆက်သွားမယ်လို့ ဆဲဗင်းဒေးသတင်းစာနဲ့ မြန်မာတိုင်းမ် သတင်းစာ က ကြေညာပါတယ်။
ရန်ကုန်တိုင်းအတွင်း ထုတ်ပြန်ထားတဲ့ Stay at Home အမိန့် သတ်မှတ်ချက်တွေမှာ မီဒီယာလုပ်ငန်းတွေကင်းလွတ်ခွင့်မပါတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနတို့ကို မေတ္တာရပ်ခံစာ ပေးပို့တင်ပြထားတယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပါတယ်။
အခုလိုမေတ္တာရပ်ခံတင်ပြရတာဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလနဲ့ ရွေးကောက်ပွဲကာလ သတင်းမှန်တွေကို ဖော်ပြပေးပို့နိုင်ဖို့ ရည်ရွယ်ပြီး တောင်းဆိုတာဖြစ်တယ်လို့လည်း မီဒီယာကောင်စီက ဆိုပါတယ် ။
သတင်း - ဇာဇာမောင်(CJ)