အမျိုးသမီးကိုယ်စားလှယ်လောင်းများကို မဲပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံးတိုက်တွန်း
နော်နိုရင်း
·
September 22, 2020
ကယားပြည်နယ်လွှတ်တော်နဲ့ နိုင်ငံရေးအဆုံးအဖြတ်ပေးတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်နေတဲ့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့ ကရင်နီ အမျိုးသမီးအစည်းအရုံးက တိုက်တွန်းလှုံ့ဆော်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးမပါဝင်တဲ့ အပြင် နိုင်ငံရေး အဆုံးအဖြတ်ပေးတဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတဲ့အတွက်ကို အခုလို တိုက်တွန်းရတာလို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး ၂ မော်ဖရေးမြာက ပြောပါတယ်။
“ကျမတို့ ကရင်နီပြည်နယ်မှာ ဒီလွှတ်တော်ထဲမှာပဲ ပြောပြော၊ နောက်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်ချတဲ့နေရာမှာပဲ ပြောပြော အမျိုးသမီးပါဝင်မှုက ကိုယ်မှန်းထားသလောက် မရောက်နေသေးတဲ့အခြေအနေမျိုးမှာ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျမတို့ အမျိုးသမီးတွေက ပါဝင်ဖို့ အရေးကြီးတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ ကျမတို့က vote for women လုပ်ရခြင်းဖြစ်ပါတယ်။”
ဒီအစီအစဉ်ကို ဩဂုတ်လကတည်းကစတင်လုပ်ဆောင်တာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ပေးတာအပြင် ပြည်နယ်အတွင်းက လူထုတွေနဲ့တွေ့ဆုံပြီး မိမိကို ကိုယ်စားပြုနိုင်မယ့်အမျိုးသမီးတွေကို မဲပေးဖို့ စည်းရုံးဟောပြောတာ တွေလုပ်ဆောင်နေကြောင်း ပြောပါတယ်။
“၂၀၂၀ က အမျိုးသမီးတွေဘာကြောင့် ပါဝင်လာတာများလဲဆိုတော့ တချိန်တုန်းက ဖိနှိပ်ခံမှုတွေရယ်၊ ၂၀၁၅ အနိုင်ရ လက်ရှိပါတီတွေလည်း နိုင်ငံသား တဦးချင်းစီရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်။ အများအားဖြင့် ထိလွယ်ရှလွယ်တာ ကျမတို့အမျိုးသမီးတွေ၊ အခုဆိုလို့ရှိရင် ကပ်ဘေးကြောင့် အကြမ်းဖက်မှုတွေ ပိုများသလို နိုင်ငံရေးအရ အမျိုးသမီးတွေ အမြတ်ထုတ်မှု၊ စီးပွားရေးအရ အမျိုးသမီးတွေကို ဖိနှိပ်တဲ့ဟာတွေ စတဲ့ issue အသီးသီးပေါ်မှာ ကျမတို့ အားလုံးမြင်တွေ့ရပြီပေါ့နော်။ အဲဒီတော့ ကျမတို့ အမျိုးသမီးတွေက ဒီတိုင်းနေလို့ မရတော့ဘူး။ ဒီလိုဆုံးဖြတ်ချက်ချတဲ့နေရာတွေ၊ ဥပဒေပြုတဲ့နေရာတွေရောက်မှပဲ အပြောင်းအလဲ တွေကို တွေ့ရမယ်ပေါ့။ ”
ရွေးကောက်ပွဲမှာ အမျိုးသမီးတွေအနိုင်ရရှိမယ်ဆိုရင်တော့ ပြည်နယ်အတွက် အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ဖွံ့ဖြိုးရေးပိုင်းမှာလည်း အများကြီးပြောင်းလဲနိုင်မယ်လို့ယုံကြည်ကြောင်းလည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးအများစုဟာ အရပ်ဖက် အဖွဲ့အစည်းကနေ ပါတီကိုရောက်ပြီး ယှဉ်ပြိုင်ကြသူတွေဖြစ်ပါတယ်။