ရန်ကုန်အရှေ့ပိုင်းခရိုင်က ဒုရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
ညီငယ်
·
September 21, 2020
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တစ်ယောက်နဲ့ ဒုခရိုင်ရဲတပ်ဖွဲ့မှူးတို့ အပါအဝင် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၃ ယောက် ကိုဗစ််-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်မင်းဦးက ဒီဗွီဘီကိုပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က ၅ ယောက်၊ အပါအဝင် အင်းစိန် ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာစတဲ့ မြို့နယ်တွေကပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၁၃ ယောက် ရောဂါ ကူးစက်ခံထားရတာပါ။
လက်ရှိမှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက်အထိရောဂါပိုးကူးစက်ခံထားရတဲ့ ဗိုလ်တထောင်မြို့နယ်က အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို အသွားအလာကန့်သတ်ထားတယ်လို့လည်း ရဲမှူးကြီးဇော်မင်းဦးက ပြောပါတယ်။
"ခရိုင်မှူးယာဉ်မောင်းက နှလုံးရောဂါအခံရှိတော့သွားပြရင်းနဲ့ ကိုဗစ်-၁၉ မသင်္ကာတာနဲ့ စစ်လိုက်လို့တွေ့တာ။ ကိုဗစ်က ဘယ်မှကူးမှန်းမသိဘူး။ သူ့ကိုပိုးတွေ့ပြီဆိုတော့သူနဲ့ ဆက်စပ်တဲ့ ကားအတူစီးတဲ့ ခရိုင်မှူးတို့ကို ထပ်ပြီးစိစစ်ရတယ်။ ကွာရန်တင်းဝင်ရတယ်။ ဝင်တော့ ထပ်တွေ့တာပါ။ ထပ်တွေ့တော့ ရုံးကထိတွေ့တဲ့သူတွေ ထပ်ဝင် ..ဒီလိုတွေလုပ်ရတာပေါ့ဗျာ။”
လော့ဒေါင်းလုပ်ထားတဲ့ ခရိုင်ရုံးက ရုံးလုပ်ငန်းတွေကို Fax နဲ့ Viber စတာတွေနဲ့ ရုံးလုပ်ငန်းမထိခိုက်အောင် လုပ်ကိုင်နေပြီး ကျန်းမာရေးအတွက် ကွာရန်တင်းဝင်ပြီသားဖြစစ်အောင် အစားအသောက်တွေကို အပြင်ကနေ ပို့ပေးတယ်လို့လည်း ရဲမှူးကြီးဇော်မင်းဦးက ပြောပါတယ်။
ကျန်တဲ့မြို့နယ်တချို့က ရောဂါပိုးကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ဖျားနာတာဖြစ်ပြီး စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိတာဖြစ်ကြောင်း၊ သူတို့နဲ့ဆက်စပ်တဲ့ အိပ်ဆောင်နေသူတွေ၊ ရုံးမှာနေသူတွေနဲ့ ရုံးထုတ်ရင် ရုံးထုတ်တဲ့အဖွဲ့တွေကို အသွားအလာကန့်သတ်တာတွေလုပ်ကြောင်း အဲဒီကနေ ဆက်စပ်ပြီး ရောဂါပိုးတွေ့တာတွေလည်းရှိကြောင်း ပြောပါတယ်။