ပုသိမ်မြို့ ဟီရှန်းအထည်ချုပ်စက်ရုံ အလုပ်သမား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 20, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါသံသယရှိသူ ၁၁ ဦးကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ၁ ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပိုးတွေ့ခဲ့သူ လူနာအမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနဲ့ ထိတွေ့ခဲ့မှုမရှိသလို ခရီးသွားရာဇဝင်မရှိသူလည်း ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ပိုးတွေ့ခဲ့တဲ့လူနာမှာ ပုသိမ်မြို့ရှိ ဟီရှန်းအထည်ချုပ်စက်ရုံမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ကန်ကြီးထောင့်မြို့နယ်က အသက်၃၃ နှစ်အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့သုံးရက်က ဖျားနာလို့ ရွာက သားဖွားဆရာမဆီမှာ ဆေးထိုးခဲ့ပြီး အနံ့ပျောက်နေတာလည်း သုံးရက်လောက်ရှိနေလို့ နောက်ရက်မှာ သာသနာ့ဗိမာန်ရှိ fever clinic မှာ လာရောက်ပြသပြီး အဲဒီကမှ ပုသိမ်ဆေးရုံကို ရောက်ရှိလာခဲ့တာပါ။
ပုသိမ်မြို့၊ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးက စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းမှာ အတည်ပြုဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူ ဟီရှန်းအထည်ချုပ်စက်ရုံအလုပ်သမားနဲ့ ထိတွေ့မှုရှိခဲ့သူ ၂၀ ဦးကို အသွားအလာကန့်သတ်မှု (Quarantine) ပြုလုပ်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီဟအောင်က ပြောပါတယ်။
“ကားအတူစီးခဲ့တဲ့ အလုပ်သမား ၇ ယောက်၊ အလုပ်ထဲက ၈ ယောက်ရယ်၊ သူ့အိမ်သား ၅ ယောက်ရယ် စုစုပေါင်း အယောက် ၂၀ ကို primary cantact သတ်မှတ်ထားတယ်။ နောက်ထပ်လည်း ထပ်တိုးနိုင်တယ်။ ထပ်လည်းရှာထားတယ်။ ၁၅ ယောက်ထဲက ၉ ယောက်ကို ဒီနေ့ Swab ယူထားတယ်။ ကျန်တာကိုတော့ နောက်ရက် ဆက်ယူမယ်။ ပုသိမ်ဆေးရုံကြီး ပို့ထားတာဆိုတော့ ဒီညတော့ အဖြေထွက်နိုင်တယ်။”
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄ ဦးအထိ ရှိနေပြီဖြစ်ပြီး သာပေါင်းမြို့နယ်က ၁ ဦး၊ ကျုံပျော် အထောင်က ၁ ဦး၊ ဖျာပုံမြို့နယ်က ၂ ဦး၊ ကျောင်းကုန်းမြို့နယ်က ၅ ဦး၊ ပုသိမ်မြို့နယ်က အမျိုးသမီး ၁၂ ဦး၊ ကန်ကြီးထောင့်က ၂ ဦးနဲ့ ပုသိမ်မြို့နယ်က အမျိုးသား ၁၁ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)