ချန်းရိဖိနပ်စက်ရုံတွင် အလုပ်သမား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
September 20, 2020
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ လုပ်သားဦးရေ ၈၀၀၀ ကျော် လုပ်ကိုင်နေတဲ့ ချန်းရိဖိနပ်စက်ရုံမှာ အလုပ်သမား ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့တွေ့ရှိခဲ့ပြီး စက်ရုံကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပိုးတွေ့စက်ရုံလုပ်သားနဲ့ ပတ်သက်ပြီး Quarantine ထားရှိရမယ့်သူဦးရေကို စိစစ်နေဆဲသာ ဖြစ်ပါတယ်။
ချန်းရိဖိနပ်စက်ရုံရဲ့ ပိုးတွေ့လုပ်သားလူနာက ချုပ်လုပ်ပြီးတဲ့ ဖိနပ်တွေကို စစ်ဆေးရတဲ့ QC ပိုင်းဆိုင်ရာ လုပ်သားဖြစ်ပြီး စက်ရုံတွင်း ပုံမှန်အလုပ်ဆင်းနေသူ ဖြစ်သလို နှာခေါင်းအနံ့ မရရှိတာကြောင့် စစ်ဆေးခဲ့ရာက ပိုးတွေ့ရှိခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ချန်းရိဖိနပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုကျော်ရဲအောင်က “ဖိနပ်တရန် အချောသတ်ရဖို့ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ချုပ်ရတာပါ။ အဲဒီတော့ တစ်ဦးမှာ ပိုးတွေ့ရင် ကျန်တဲ့သူတွေကို ကူးစက်နိုင်တဲ့အန္တရာယ်ကို အလုပ်သမားတွေအားလုံး စိုးရိမ်ကြပါတယ်။ လက်ရှိ ကျနော်တို့ စက်ရုံလုပ်သားတွေ အများဆုံးသုံးနေရတာက ပိတ်စ Mask တွေပါ။ ဒါတွေက ဘယ်လောက်အကာအကွယ် ဖြစ်နိုင်သလဲ။ အဲဒီတော့ အလုပ်သမားတွေက စက်ရုံဘက်ကို ညှိနှိုင်းလစာနဲ့ ပိတ်ပေးဖို့ တောင်းဆိုကြတယ်။ စက်ရုံဘက်ကတော့ အစိုးရက ပိတ်ပါလို့ စာထုတ်ရင် ပိတ်ပေးမယ် ပြောတယ်။ လက်ရှိတော့ ပုံမှန်အတိုင်းပဲ အလုပ်ဆင်းရမယ်” လို့ ပြောပါတယ်။
ချန်းရိဖိနပ်စက်ရုံက ပထမကိုဗစ်လှိုင်းတုန်းက ရောဂါပိုး ကူးစက်ခံရတဲ့လူနာ အမှတ် ၁၄၄ လုပ်ကိုင်ခဲ့တဲ့ စက်ရုံ ဖြစ်ပါတယ်။
ကိုဗစ်ပထမလှိုင်းမှာ ရန်ကုန်တိုင်းက စက်ရုံ၊ အလုပ်ရုံတွေအနက် ဒီစက်ရုံတရုံတည်းကပဲ ပိုးတွေ့လူနာ လုပ်ကိုင်ခဲ့တဲ့ စက်ရုံအဖြစ် ထွက်ပေါ်ခဲ့တာပါ။
အခုကိုဗစ်ဒုတိယလှိုင်းကာလမှာတော့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တွေမှာ ပိုးတွေ့လူနာတွေ လုပ်ကိုင်ခဲ့တဲ့ စက်ရုံတွေ နေ့စဉ် ထွက်ပေါ်နေပါတယ်။
ဇာခြည်