ရေးမြို့နယ်တွင် လေပြင်းကြောင့် နေအိမ် ၁၁ လုံးနှင့် ငါးလှန်းကြပ်စင်များ ပြိုကျပျက်စီး
DVB
·
September 20, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဇီးဖြူသောင်ကျေးရွာနဲ့ အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့မှာ လူနေအိမ် ၁၁ လုံးနဲ့ ငါးလှန်းကြပ်စင်တွေ ပြိုကျခဲ့ပျက်စီးခဲ့ပါတယ်။
ဇီးဖြူသောင်ကျေးရွာမှာ လူနေအိမ် ၇ လုံး ပြိုကျပြီး အိမ် ၁ လုံး သစ်ပင်ပိကာ၊ အိမ် ၆ လုံး ယိုင်နဲ့သွားပါတယ်။ ပင်လယ်ရေလှိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြီး ကျေးရွာထဲကို ပင်လယ်ရေ ဝင်ရောက်ကာ လယ်ကွင်းတွေမှာ တာတမံကျိုးပေါက်ခဲ့တယ်လို့ ကျေးရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်(ရွာသစ်) မှာ လူနေအိမ် ၄ လုံး အပါအဝင် ငါးလှန်းကြပ်စင် ၂၃ ခု ပြိုကျပျက်စီးခဲ့ပြီး တန်ဖိုးကျပ်သိန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့သလို တာတမံကျိုးပေါက်မှုကြောင့် မွေးမြူရေးငါး ကျပ်သိန်း ၁၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဓမင်းဆိပ်ရွာသစ်ရွာခွဲ ခေါင်းဆောင် ဦးဝင်းက ပြောပါတယ်။
သတင်း - ဝင်းနိုင်သက်