ငပုတောတွင် တောဆင်ရိုင်းအုပ်စုက နေအိမ်တလုံးကို တိုက်ခိုက်ခဲ့မှုကြောင့် ၁ ဦး ဒဏ်ရာရ
DVB
·
September 20, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာရှိ နေအိမ်တအိမ်ကို စက်တင်ဘာလ ၂၀ ရက်မနက် ၁ နာရီခွဲအချိန်ခန့်က တောဆင်ရိုင်းအုပ်တအုပ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာတာဝန်ရှိသူက ပြောပါတယ်။
သစ်တိုပင်ကျေးရွာအစွန်မှာ နေထိုင်တဲ့ ဦးထွန်းရီဟာ နေအိမ်မှာ တောဆင်ရိုင်း ၈ ကောင်ပါတဲ့ တောဆင်ရိုင်းအုပ်က အိမ်ကိုဝိုင်းလာပြီး ဖြိုတဲ့ပုံစံ ဝိုင်းဖျက်ဆီးခဲ့လို့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းလေးက ပြောပါတယ်။
“အိပ်ပျော်နေကြတုန်း အိမ်ထဲဝင်လာတာ။ အဖေဖြစ်တဲ့သူက အော်လည်း အော်ရော ဆင်က အိမ်ကို အရှေ့ အနောက် အတင်းဝိုင်းဖြိုတဲ့ ပုံစံပေါ့။ ဒဏ်ရတဲ့ကောင်မလေးက သူ့သုံးနှစ်သား ကလေးကို ခေါ်ပြီး ဆင်းပြေးတော့ ကျန်တဲ့ဆင်တွေကပါ သူ့ကိုလိုက်နင်းတာ ကံကောင်းလို့ မသေတာ။”
တောဆင်ရိုင်းအုပ် ဝိုင်းဝန်းတိုက်ခိုက်ခံရတဲ အသက် ၂၁ နှစ်အရွယ် နော်တူးမကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးကို ဆက်လက်ပို့ဆောင် ကုသပေးနေတယ်လို့ သိရပါတယ်။
ဩဂုတ် ၂ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စုက ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်မြေတွေကို တောဆင်ရိုင်းအုပ်တွေ ဝင်ရောက်လာလို့ ကွန်ဂျီဆင်တွေနဲ့ တောတွင်းကို ပြန်လည်မောင်းထုတ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ငပုတောမြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေထဲမှာ တောဆင်ရိုင်းအုပ်တွေ လှည့်လည် ကျက်စားနေပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ဆင်သတ်မုဆိုးတွေ ပစ်ခတ်သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့ပြီး အဆိပ်ရှိ သတ္တဝါ အကိုက်ခံရမှုကြောင့်လည်း တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့တာရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ကိုထွန်းလေး