ဖျာပုံတွင် ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ကိုဗစ်လူနာ ၅ ဦးထပ်တွေ့၊ စုစုပေါင်း ၁၆ ဦးရှိလာ
DVB
·
September 19, 2020
ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၅ ဦး ထပ်မံတွေ့ရှိတာကြောင့် စုစုပေါင်းလူနာ ၁၆ ဦး ရှိပြီလို့ သိရပါတယ်။
စက်တင်ဘာ ၁၈ မနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထဲစာရင်းမှာ ဖျာပုံမြို့က အတည်ပြုလူနာ ၅ ဦး ပါဝင်လာတာလို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက သိရပါတယ်။
ပိုးတွေ့လူနာ ၅ ဦးကတော့ ဖျာပုံမြို့၊ အမှတ် ၁၆ ရပ်ကွက်နေ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး၊ အမာမြို့ ကျောင်းကုန်း ကျေးရွာက အမျိုးသား ၁ ဦးနဲ့ လှိုင်သာယာမြို့နယ်က ပြန်လာပြီး အသွားအလာကန့်သတ်ထားသူ ကနိကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဖျာပုံဆေးရုံ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသပေးမယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ်မှာ စက်တင်ဘာ ၁၈ ရက် မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦး၊ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ ၄၅ ဦး၊ နေအိမ်မှာ အသွားအလာကန့်သတ်ထားသူ ၁၇၅ ဦးရှိတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ထူးထူး(ဘိုကလေး)