ထောက်ပံ့ကြေးမရသဖြင့် တိုင်ကြားခဲ့သည့် စစ်ကိုင်းမြို့က ပြည်သူ ၄၂ ဦးကို ခေါ်ယူစစ်ဆေး
DVB
·
September 19, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်က ထောက်ပံ့တဲ့ ပစ္စည်းငါးမျိုးနဲ့ ငွေကြေး ထောက်ပံ့တာကို တကြိမ်မှ မရရှိတဲ့အတွက် တိုင်ကြားခဲ့တဲ့ စစ်ကိုင်းမြို့၊ ညောင်ပင်ဇင်နဲ့ မြင်းမွေးကျေးရွာက ပြည်သူ ၄၂ ဦးကို မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးမှာ စစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က တိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၄၂ ဦးကို စက်တင်ဘာ ၁၇ ရက်နေ့မှာ စစ်ဆေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို စက်တင်ဘာ ၁၈ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
အမှန်တကယ်လိုအပ်သူတွေ မရရှိဘဲ မြို့နယ်ကထုတ်လာတဲ့စာရင်းနဲ့ ရွာမှာ ဝေတဲ့ စာရင်း မကိုက်ညီတဲ့အတွက် အခုလိုတိုင်ကြားတာလို့ ဦးဆောင်သူဖြစ်တဲ့ ဦးမင်းမင်းသန့်က ပြောပါတယ်။
တိုင်ကြားထားမှုကို စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး စစ်ဆေးရေးကော်မတီကို သွားရောက်မေးမြန်းခဲ့ပေမဲ့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
အစစ်ဆေးခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုမေးမြန်းရာမှာ ဖြေဆိုမှုမရှိခဲ့ပါဘူး။
စစ်ဆေးရေးအဖွဲ့မှာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပါဝင်တယ်လို့ သိရပါတယ်။