သိမ်ဖြူမီးရထားရပ်ကွက်က သက်ကြီးအမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
ညီငယ်
·
September 18, 2020
ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူမီးရထားဝင်းမှာနေထိုင်တဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါနဲ့သေဆုံးသွားတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆုံးသွားတဲ့တစ်ယောက်က သိမ်ဖြူမီးရထားရပ်ကွက်ကပါ။ အဲနေရာက သတိထားရမယ်။ သူတို့နေတာထိုင်တာ အရမ်းကို ကျပ်တည်းတယ်လေ။ နောက်ပြီး အိမ်သာအတူတူသုံးတယ်။ ရေအတူတူသုံးတယ်။ လူဦးရေကလည်း အားလုံးသိတဲ့အတိုင်းပဲလေ။ အိမ်လေးတွေကလည်း ကျပ်ကျပ်ညပ်ညပ်နေရတော့ အဲဒါတော့ နည်းနည်းစိုးရိမ်တယ်။”လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
လူနာနဲ့ ထိတွေ့သူတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာ ၄၀၄ ယောက်စာရင်းမှာ ရန်ကုန်တိုင်း မြို့နယ် ၄၀ က ၂၈၇ ယောက်ပါဝင်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်က ၆ ယောက်ပါဝင် ပါတယ်။