နွားထိုးကြီးမြို့နယ်တွင် အန်အယ်လ်ဒီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
DVB
·
September 18, 2020
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဇီးကန်အုပ်စု၊ ဆူးဖြူကန်ကျေးရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ဆိုင်းဘုတ် စက်တင်ဘာ ၁၆ ရက်က ဖျက်ဆီးခံရပါတယ်။
ဆိုင်းဘုတ်ကိုညက ဖျက်ဆီးခံရတဲ့ အကြောင်း ဓာတ်ပုံနဲ့အတူ စက်တင်ဘာ ၁၇ ရက်က တင်ပြလာတာကြောင့် စောင့်ကြည့်ဖို့ ပြန်ကြားခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးအောင်ဆန်းက ပြောပါတယ်။
“နွားထိုးကြီးမှာ အဖေကအစိမ်း၊ သားကအနီဆိုတော့ သားအဖနှစ်ယောက်ရဲ့ သဘောထား ကွဲလွဲတာတွေ၊ ဆိုင်းဘုတ်စိုက်ထူရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်မခံမှုတွေ ရှိနေတာကြောင့် ပါတီစည်းရုံးရေးဆိုင်းဘုတ်တင်ရာ ပြဿနာတွေ ရှိနေတယ်”လို့ ဦးအောင်ဆန်းက ပြောပါတယ်။
ခုလို ဆိုင်းဘုတ်ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ အန်အယ်လ်ဒီက ရဲစခန်းမှာ အမှုမဖွင့်သေးဘဲ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ဆိုင်းဘုတ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ကတော့ အခုကိစ္စနဲ့ပတ်သက်လို့ အမှုဖွင့်ထားတာ မရှိသေးတဲ့ အပြင် ဆိုင်းဘုတ်အဖျက်ခံရတာကိုလည်း မသိဘူးလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်တွေ ပိုစတာတွေ ဖျက်ဆီးခံထားရတာ ရှိပါတယ်။
သတင်း- ဇာဇာမောင်(CJ)