Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်၌ စစ်ဆေးရေးဂိတ်အတားအဆီးများကို ကားဖြင့်တိုက်ထွက်ပြေးသူများ ဖမ်းမိ
DVB
·
September 17, 2020
119482354_936337213526956_9095831067168295252_n
119569618_936337293526948_5699077183197145065_o
119511869_936337366860274_3035414030320240568_n
119229324_936337406860270_2561002512196425669_n
119327094_936337323526945_2338390008299806632_n
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ  ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ပူးပေါင်းစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုမခံယူဘဲ  အတားအဆီးတွေကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ အမျိုးသား ၃ ဦးကို စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက  ဒေသခံရွာသားတွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါတယ်။ ချောင်းနက် - နေပြည်တော်လမ်းအတိုင်း နေပြည်တော်ဘက်မှ ချောင်းနက်ကျေးရွာဘက်သို့ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ငယ် ၂ စီးကို ဝံအော်ကျေးရွာအရောက်မှာ ကူးစက်ရောဂါ အရေးပေါ်ကာကွယ်ထိန်းချုပ်ရေးနဲ့ နယ်မြေလုံခြုံရေးအရ စစ်ဆေးဖို့ တာဝန်ရှိသူတွေက တားမြစ်ခဲ့ရာ ရပ်တန့် ပေးခြင်းမရှိဘဲ ဆက်လက်မောင်းနှင်သွားခဲ့သလို ချောင်းနက်ကျေးရွာ စစ်ဆေးရေးဂိတ်မှာလည်း အစစ်ဆေးမခံဘဲ တောင်တွင်းကြီး-ပြည်ကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကာ ဆတ်သွားကျေးရွာစစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေး အတားအဆီးတွေကို ကျော်ဖြတ်ပြီး ပရပ်ကြယ်ကျေးရွာဘက်သို့ မောင်းပြေးသွားခဲ့တယ်လို့   ဆတ်သွားနယ်မြေရဲတပ်ဖွဲ့က သိရပါတယ်။ အဆိုပါ မော်တော်ယာဉ် ၂ စီးဟာ ပရပ်ကြယ်ကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်မောင်းနှင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် လာရာလမ်းအတိုင်း နောက်ပြန်လှည့်ပြီး ဆတ်သွားကျေးရွာရှိ လုံခြုံရေးအတားအဆီးတွေကို  ကားနဲ့တိုက်ပြီး ချောင်းနက်ကျေးရွာဘက်သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးခဲ့တယ်လို့လည်း တာဝန်ကျရဲအရာရှိက ဒီဗွီဘီကိုပြောပါတယ် ချောင်းနက်ကျေးရွာမှာ တာဝန်ရှိသူတွေက ကားလမ်းကို လုံခြုံစွာပိတ်ဆို့ တားဆီးထားပြီး စောင့်ဆိုင်းနေကြရာ အဆိုပါ မော်တော်ယာဉ် ၂ စီးက ချောင်းနက် အရှေ့စုကျေးရွာအတွင်းလမ်းသို့ ချိုးကွေ့ဝင်ရောက် မောင်းနှင်ထွက်ပြေးသွားစဉ် ရွာအနောက်ဘက်ရှိ ရေမြောင်းထဲကို ရှေ့ကမောင်းနှင်တဲ့ကားတစ်စီးက ကျွံကျသွားလို့ မောင်းမရတော့ဘဲ  ကားပေါ် ပါလာသူတွေက ရွာအပြင်ဘက်ကို ထွက်ပြေးရာမှာ  တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တာလို့ ရဲကပြောပါတယ်။ ဖမ်းဆီးရမိသူတွေကတော့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာနေ ကျော်ဆန်းဝင်း၊ ရဲကျော်၊ ကိုကိုချစ် တို့ဖြစ်ကြပြီး သူတို့ ၃ ဦးကို တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က) နဲ့ အရေးယူထားပါတယ်။ သတင်း - သားကြီး (တောင်တွင်းကြီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024