Homeမြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးက ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်
တောင်တွင်းကြီးမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးက ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်
DVB
·
December 9, 2019
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဂုံညင်းတန်းကျေးရွာမှာ ဒီဇင်ဘာ ၇ ရက် ည ၇ နာရီက ဓားခုတ်မှုဖြစ်ပွားခဲ့လို့ အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ ဆတ်သွားနယ်မြေ ရဲစခန်းက သိရပါတယ်။
ဂုံညင်းတန်းကျေးရွာနေ ဒေါ်စိန်ဆင့်ဟာ နေအိမ်အောက်ထပ်မှာ ခင်ပွန်း ဦးမောင်တင့်နဲ့ အတူရှိနေစဉ် တရွာတည်းနေသူ စိတ်ကျန်းမာရေးမကောင်းတဲ့ တူတော်စပ်သူ ချမ်းငြိမ်းမောင် (ခ) ဖိုးပြား (အသက် ၃၆ နှစ်) ရောက်ရှိလာခဲ့ပါတယ်။
ဒီနောက် ချမ်းငြိမ်းမောင်ဟာ နေအိမ်အပေါ်ထပ်သို့ တက်သွားပြီး ခဏအကြာမှာ ဦးမောင်တင့်ကလည်း ဘုရားရှိခိုးဖို့ နေအိမ်အပါ်ထပ်သို့ တက်သွားခဲ့ကြောင်း၊ ခဏအကြာမှာ ခင်ပွန်းဖြစ်သူရဲ့ အော်သံကို ကြားရလို့ နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ခဲ့ရာမှာ တူဖြစ်သူ ချမ်းငြိမ်းမောင်မှာ နေအိမ်တံခါးပေါက်ကနေ ခုန်ချထွက်ပြေးသွားပြီး ဦးမောင်တင့်ကတော့ ဘုရားခန်းရှေ့မှာ ဒဏ်ရာတွေနဲ့ လဲကျနေကို တွေ့ရှိခဲ့ပါတယ်လို့ ဒေါ်စိန်ဆင့် ရဲစခန်းမှာ ထွက်ဆိုပါတယ်။
ဦးမောင်တင့်ရဲ့ ဦးခေါင်းနောက်စေ့မှ ဝဲနားရွက်အထိ ၅ လက်မခန့်ပြတ်ရှဒဏ်ရာ တချက်နဲ့ ယာလက်မမှာ ၂ လက်မခန့်ပြတ်ရှဒဏ်ရာတချက်အပြင် ဝဲလက်မ ၂ လက်မခန့် ပြတ်ရှဒဏ်ရာ တချက်(စိုးရိမ်ရ)တို့နဲ့ လဲကျနေတာကို တွေ့ရှိရခဲ့ပါတယ်။
ဒီနောက် အိမ်နီးချင်းတွေကိုအကူအညီတောင်းခံပြီး ဦးမောင်တင့်ကို တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဆေးဝါးကုသမှုတွေခံယူနေရတယ်လို့ ဒေါ်စိန်ဆင့်က ပြောပါတယ်။
ဓားနဲ့ခုတ်ခဲ့တဲ့ ချမ်းငြိမ်းမောင်ကို ဥပဒေအရအရေးယူပေးပါဖို့ ဒေါ်စိန်ဆင့်က တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ဆတ်သွားနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။
သတင်း - သားကြီး