Home
Lead Story
ရသေ့တောင်မြို့နယ်၌ တံငါသည် ၁ ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရ 
DVB
·
September 16, 2020
119344264_373163797039353_532927383873956008_o
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာက ကျည်ဆံထိမှန်ပြီး လက်မောင်းရိုး ပြင်းထန်စွာဒဏ်ရာရသွားတဲ့ တံငါသည် အမျိုးသားတစ်ဦး ဘူးသီးတောင် ပြည်သူ့ဆေးရုံမှာ စက်တင်ဘာ ၁၅ ရက်နေ့က တက်ရောက် ဆေးကုသမှုခံယူနေရပါတယ်။ ဒဏ်ရာရရှိသွားသူမှာ အသက် ၃၀ နှစ်အရွယ် မာမောက်ရော်ဖိလ် (ဘ)နရ်မာမောင်ဖြစ်ပြီး မေယုမြစ်လက်ငယ်တခုမှာ ငါးသလောက်ပိုက်ချနေစဉ် ရသေ့တောင်မြို့နယ် ကုလားချောင်း ကျေးရွာဘက်ကနေ လက်နက်ငယ်နဲ့ လှမ်းပစ်တာခံခဲ့ရတဲ့အတွက် ဒဏ်ရာရခဲ့တာပါ။  ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က"သူတို့က ရသေ့တောင်မြို့နယ် အာကာတောင်က ဖြစ်တယ်။ မနေ့က မနက်ပိုင်းမှာ သူတို့ သားဖ နှစ်ယောက်က မေယုမြစ်ရဲ့ ချောင်းလက်တက်တခါမှာ ပိုက်သွားချတာလို့သိရတယ်။ ပိုက်ချနေတဲ့အချိန်မှာ လက်နက်ငယ်နဲ့ အပစ်ခံရတာလို့ သိရတယ်။ ဘယ်သူဘက်က  ပစ်တာလဲ ဘယ်သိမှာလဲ။ ညာဘက်လက်မောင်း ဖောက်ထွက်သွားပြီး ရင်ဘတ်မှာလည်း ရှပ်ထိမှန်သွားတာ။ စိုးရိမ်စရာတော့ မရှိဘူးလို့ သိရတယ်။" လို့  ပြောပါတယ်။ သေနတ်မှန်သွားတဲ့ လူနာကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းမှာ ဘူးသီးတောင် ဆေးရုံသို့ စက်လှေနဲ့ ပို့ဆောင်ပေးခဲ့ကြကြောင်းနဲ့ ပစ်ခတ်သူတွေကိုတော့ မသိရဘူးလို့ အာကာတောင်ကျေးရွာက ရွာလူကြီးအဒူချုပ်ကုလ် က ပြောပါတယ်။ “သူတို့သားအဖက မြစ်မှာသွားပြီး ငါးသလောက်ပိုက်သွားချကြတာ။ မနက် ၉ နာရီ လောက်မှာ ပိုက်တွေဘာတွေချထားပြီးလို့ အိမ်ကိုပြန်လာမလို့ လုပ်နေတုန်းမှာ ကုလားချောင်းရွာ ဖက်ကနေ လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်လို့ သိရတယ်။ အဲဒီရွာဖက်မှာ မြန်မာ့ တပ်မတော်ရဲ့ ရေယာဉ်လည်း ရောက်လို့ရှိတယ်လို့သိရတယ်။ ဒါပေမဲ့ ဘယ်သူဘက်ကပစ်တာလဲဆိုတာ သူတို့သားအဖတောင် မမြင်လိုက်ဘူးဆိုတော့ ကျနော်တို့ ဘယ်သိနိုင်ပါမလဲ။ ဒဏ်ရာက ညာဖက်လက်မောင်းအရိုးထိသွားတယ်လို့ သိရတယ်။" လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း  ရသေ့တောင်မြို့နယ်၊ အောင်စည်ကုန်းကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး  အသက် ၆ နှစ်အရွယ်ကလေး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024