ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပလူနာများကို အ.ထ.က (၂) လသာတွင် ကုသပေးနေ
DVB
·
September 14, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာတွေကို စက်တင်ဘာ ၁၄ ရက်က စတင်ပြီး အ.ထ.က (၂) လသာ ကျောင်းဝင်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဆေးကုသမှု ပေးနေပါတယ်။
လက်ရှိမှာ အထူးကုဌာနတစ်ခုစီမှာ တစ်နေ့ လူနာ ၅၀ သာ လက်ခံကြည့်ရှုပေးနေပြီး လူနာအသစ် လာရောက်ပြသမယ်ဆိုရင်တော့ သက်ဆိုင်ရာဆေးရုံ ၊ ဆေးခန်းတွေဆီက လွှဲစာနဲ့ လက်ခံပေးနေတယ်လို့ သိရပါတယ်။ အရေးပေါ်လူနာ လာရောက်ပြသရင်တော့ အရေးပေါ်ဌာနမှာ ၂၄ နာရီ ကြည့်ရှုပေးနေပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းဌာန ၊ အထွေထွေခွဲစိတ်ဌာန (၂) ၊ ဦးနှောက်နဲ့ အာရုံကြောဆေးကုဌာန ၊ စိတ်ကျန်းမာရေးဌာန ၊ ကိုယ်ဝန်ဆောင်ဆီးချိုကုဌာန ၊ ဟောမုန်းရောဂါကုဌာနနဲ့ အတက်ရောဂါကုဌာနတွေကို အ.ထ.က (၂) လသာ ကျောင်းဝင်းထဲကို ပြောင်းရွှေ့ကုသပေးနေပြီး ပြသရမယ့် နေရက်တွေနဲ့ အချိန်တွေကိုပါ ပူးတွဲဖော်ပြထားပါတယ်။
ဒီကနေ့ လာရောက်ပြသတဲ့လူနာတွေကို သက်ဆိုင်ရာဂိတ်ပေါက်မှာ အပူချိန်တိုင်းတာတွေ လုပ်ဆောင်ပြီး လူနာတစ်ဦးသာ ကျောင်းဝင်းထဲ ဝင်ရောက်ရတာဖြစ်ပြီး သွားလာဖို့ မလွယ်ကူတဲ့ လူနာဆိုရင်တော့ လူနာရှင်တစ်ဦးက လိုက်ပါပို့ဆောင်ပေးရပါတယ်။
သတင်း-နန့်ခိုင်