လူနာ ၂ ဦး ထပ်မံသေဆုံး၊ ကိုဗစ်-၁၉ လူနာသစ် ၁၃၆ ဦး တွေ့ရှိ
DVB
·
September 13, 2020
ဓာတ်ခွဲနမူနာ ၁,၃၉၁ ခု အား စစ်ဆေးချက်အရ ကိုဗစ်-၁၉လူနာသစ် ၁၃၆ ဦး တွေ့ရှိခဲ့ပြီး လူနာ ၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း အယောက် ၂၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၅၅၆ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၇၂ ခု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၄၇ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၁ ခု၊ မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးက ၂၂ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက ၅ ခု၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၁ ခုနဲ့ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၃၉ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၉၁ ခုအား ဒီနေ့ည ပထမသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၁၃၆ ဦး တွေ့ရှိခဲ့တာပါ။
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၇၄ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး လူနာအမှတ် ၂၄၂၉ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးပြီး သွေးဆိပ်သင့်ခြင်းရောဂါနဲ့ ဒီနေ့ ညနေ ၃:၁၅ မှာ သေဆုံးသွားခဲ့ပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၉၀ အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး လူနာအမှတ် ၂၀၆၄ ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် နှလုံးစည်းချက်မမှန်ဖြစ်ကာ ရုတ်တရက်နှလုံးရပ်ပြီး မွန်းလွဲ ၂:၂၅ နာရီအချိန်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနို်ငငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၉၃၂ ဦး၊ သေဆုံးသူ အယောက် ၂၀၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၉၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၇၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။