မောင်တောခရိုင် လူနာသစ် ၆ ဦးတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦးပါဝင်
DVB
·
September 13, 2020
ရခိုင်ပြည်နယ် မောင်တောခရိုင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦး ပါဝင်တယ်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်နဲ့ မနေ့ည ထုတ်ပြန်တဲ့ လူနာသစ် ၃၅၁ ဦး စာရင်းထဲမှာ မောင်တောမြို့က ၁ ဦးနဲ့ ဘူးသီးတောင်မြို့က ၅ ဦး ပါဝင်တာပါ။
ဦးရွှေလှအောင်က “မနေ့ကတွေ့တဲ့ ၅ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်အဖွဲ့က ဝန်ထမ်း ၃ ဦး ပါတယ်။ တဦးက စပီးဘုတ်မောင်းတဲ့သူ၊ နောက် ၂ ဦးက ရုံးဝန်ထမ်းတွေ ဖြစ်တယ်။ အခု သူတို့ရုံးတွေ Lock down ချထားတယ်။”
ဘူသီးတောင်မှာ တွေ့တဲ့ နောက် ၂ ဦးကတော့ အရပ်သားတွေဖြစ်ပြီး သူတို့နေအိမ်တွေကို Lock down ချထားတယ်လို့ ဦးရွှေလှအောင်က ဆိုပါတယ်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့က လူ ၁၀ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာ မှာ ၃ ဦး ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ကိုဗစ် Positive လူနာ ၇ ယောက် ဆေးကုသမှုခံနေပါတယ်။
မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ်ဟာ အရင်က ရောဂါပိုးတွေ့ပြီး ဆေးရုံတက်ခဲ့တဲ့ မိသားစုထဲက ကျန်ခဲ့သူ ၁ ဦးဖြစ်ကာ အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပါဝင်လာတာ ဖြစ်ပါတယ်။
လက်ရှိ မောင်တောပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ Positive လူနာ ၅ ဦး ဆေးကုသမှု ခံယူနေပါတယ်။
လင်းလက်